Friday, January 03, 2014

မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်၍ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိ

Friday, January 03, 2014
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ ပြတ်သားမှုမရှိကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။
တရုတ်ကုမ္ပဏီ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို လွတ်လပ်သည့် အာရှအသံ (RFA) က “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တွင် မေးမြန်းခဲ့ပြီး ထိုမေးမြန်းချက်များကို ဇန်န၀ါရီ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။

RFA သီးသန့်မေးမြန်းခဲ့သော အစီအစဉ်၌ ဦးခင်မောင်စိုးက “မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက်၂၀၁၅ တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းမယ်လို့ တရုတ်ကုမ္ပဏီက
အဲဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင် အဲဒီလို ဆောင်ရွက်မှာလား” ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ မြစ်ဆုံစီမံကိန်းကို ၎င်းတို့ပါတီ အနိုင်ရချိန်တွင် ဆက်လုပ်မည်၊ မလုပ်မည်ကို တိကျပြတ်သားစွာ ဖြေကြားခဲ့ခြင်း မရှိဘဲ ညှိနှိုင်းရေးမှတစ်ပါး အခြားနည်းလမ်း မရှိကြောင်းဆိုသည်။

“ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလဲ။ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ။ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရ အဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါတော့ အစ်မက မကြိုက်ဘူး။ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လက်ရှိအစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။ 

“ပြတ်ပြတ်သားသား လုပ်ရမှာပေါ့။ ဒါဆွေးနွေးပြီးတော့ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ရမှာပေါ့။ အခုဟာက မတင်မကျကြီး။ ငါးနှစ်ရပ်ထားတယ်ဆိုတော့ ဒါဘယ်လိုအဓိပ္ပာယ်လဲ။ နောက်လာတဲ့ အစိုးရပဲ တာဝန်ယူပြီး ဖြေရှင်းလို့ ပြောနေသလို ဖြစ်နေတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ကို တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် လွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့ခဲ့ကာ “မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” ဟု ကတိပြုပြောဆိုခဲ့သည်။ ထိုသို့ ရပ်ဆိုင်းရခြင်းသည် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အလေးထားသောအားဖြင့် ဆုံးဖြတ်ခဲ့ခြင်းဟု သမ္မတဦးသိန်းစိန်က ဆိုသည်။ ထို့အတူ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကုမ္ပဏီ (ACHC) က မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် ထုတ်ဖော်ပြောဆိုလာချိန်၌ သမ္မတက ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

တရုတ်ကုမ္ပဏီဘက်က ဥပဒေကြောင်းအရ လုပ်လာမည်ဆိုပါက မိမိတို့အစိုးရ သက်တမ်းအတွင်း နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ရင်ဆိုင်တုံ့ပြန်မည်ဟု ဦးရဲထွဋ်က ပြောဆိုခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီဝင်များက ယခင်အစိုးရကို ဝေဖန်ထောက်ပြလေ့ ရှိသော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီး အစိုးရဖြစ်လာမည် ဆိုပါက မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ခွင့်ပြုမည်၊ မပြုမည်ဆိုခြင်းအား ပြတ်ပြတ်သားသား ပြောဆိုခြင်း မရှိသေးချေ။

ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေး အပြီးတွင် မြစ်ဆုံစီမံကိန်းအား ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား ပြတ်ပြတ်သားသား သိရှိနိုင်ရန် The Daily Eleven က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

“အန်တီဆိုရင် ဒီမြစ်ဆုံ Contract ထဲမှာ ဘာပါလဲဆိုတာ ပထမကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ Contract ထဲမှာ ဘာပါမှန်းလဲ မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ ဘာတွေကတိက၀တ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိက၀တ်တွေ ခံရမှာက နိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။ အဲဒီတော့ အဲဒါတွေလည်း မသိဘူး။ ဘာတွေ သဘောတူထားမှန်းလဲ မသိဘူး။ ဘာပဲပြောပြော ဒီ Contract တွေကို လက်မှတ်ထိုးတဲ့ သူတွေက တာဝန်သိစိတ်တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး။ မသိကျိုးကျွန် ပြုနေလို့မရဘူး။ အသေးစိတ် အချက်အလက်တွေကို မသိဘဲနဲ့ မှတ်ချက်မချချင်ဘူး။ ဒါပေမဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးတားတဲ့ သူတွေကတော့ တာဝန်ယူစိတ် ရှိရမယ်။ တာဝန်ယူရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ CPI နှင့် ACHC တို့က ဆန္ဒရှိနေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ အပါအ၀င် အခြားနိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ကိုယ်စားပြု အဖွဲ့များကိုလည်း နောက်ကွယ်မှ CPI ကုမ္ပဏီ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တရုတ်အစိုးရက တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းများ ရှိခဲ့ကြောင်း သိရပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အနေဖြင့်လည်း တရုတ်နိုင်ငံသို့ သုံးကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီးဖြစ်သည်။

၂၀၁၁ ခုနှစ်အတွင်းက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ပြည်သူလူထု၏ တောင်းဆိုသံများ ကျယ်ပြန့်စွာ ထွက်ပေါ်လာချိန်၌ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဟူ၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ယတိပြတ်ပြောဆိုခဲ့ခြင်း မရှိဘဲ “အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးကို ရှေးရှုလျက် သက်ဆိုင်သူအားလုံးတို့က မြစ်ဆုံစီမံချက်အား ပြန်လည်သုံးသပ်ကာ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မည့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေရန် တိုက်တွန်းကြောင်း” ပြောကြားခဲ့သည်။

ထိုအချိန်က ပြောကြားမှု၌ ယတိပြတ် ပြောကြားခြင်း မရှိသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီက မဲအများဆုံး အနိုင်ရပြီး သမ္မတဖြစ်ရန် လက်ရှိရေပန်းစားနေချိန် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် သဘောထားကို ယတိပြတ် ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။

“မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်။ အရင်အစိုးရဟာ မြစ်ဆုံဆည်ဆောက်ဖို့ လုပ်ခဲ့တဲ့အတွက် သမိုင်းတရားခံ ဖြစ်ခဲ့တယ်။ အခုအစိုးရကတော့ မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်။ နောင်လာမယ့် အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမှာပဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List