Monday, December 30, 2013

ဘောလုံးကွင်းအတွင်း အိမ်ရာ ဆောက်လုပ်ခွင့်ပြုသော ရန်ကုန်စည်ပင်ကို ဆန္ဒပြ

Monday, December 30, 2013
သာကေတမြို့နယ် (၄) ရပ်ကွက် တောင်ပိုင်း အောင်သစ္စာလမ်း ဘောလုံး ကွင်းအတွင်း အထပ်မြင့်အိမ်ရာ ဆောက်လုပ်ခွင့် ပြုခဲ့သော ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူ ဦးစိန်ထွေးက ပြောကြားသည်။
အဆိုပါ ဘောလုံးကွင်းကို ၁၉၅၈ ခုနှစ် မြို့ပြမြေပုံတွင် အားကစားကွင်းအဖြစ် အိုးအိမ်ဦးစီးဌာနမှ ချထားပေးခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စည်ပင်ပိုင်မြေအဖြစ် ပြန်လည် သတ်မှတ်ကာ အထပ်မြင့်အိမ်ရာ ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က အားကစားမြေအဖြစ် ထားရှိတာကို မတရား သိမ်းယူနေခြင်းကြောင့် လက်မခံပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းဘောလုံးကွင်းအတွင်း အိမ်ရာဆောက်လုပ်ခြင်း မပြုရန် သာကေတမြို့နယ် (၄) ရပ်ကွက်တွင် နေထိုင်သူ ၁၅၀ ဦးကျော်က ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘောလုံးကွင်းတွင် နှစ်စဉ် မြေဖို့ခြင်း၊ မြေညှိခြင်းများ လုပ်ကိုင်နေသော်လည်း ဘောလုံးကွင်းသည် စည်ပင်ပိုင်မြေ ဖြစ်သောကြောင့် ခွင့်ပြုချက် မရလျှင် မည်သည့် အလုပ်ကိုမှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း သာကေတမြို့နယ် စည်ပင်သာယာရေးရုံးမှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အမိန့်စာထုတ် အကြောင်းကြားထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

အိုးအိမ် ဦးစီးဌာနသည် အဆိုပါ ဘောလုံးကွင်းကို မြို့တော် စည်ပင်သာယာရေး ကော်မတီထံ လွှဲပေးထားပြီး ဖြစ်၍ ယခုအခါ စည်ပင်မြေ ဖြစ်သောကြောင့် စည်ပင် ဝန်ထမ်းအိမ်ရာအဖြစ် ဆောက် လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သာကေတ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြောကြားသည်။
“ကျွန်တော် စည်ပင်နဲ့ ရပ်ကွက်ကို ညှိပေးပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ အခြားဘောလုံးကွင်း နှစ်ခုနဲ့ လမ်းတွေကို အဆင့်မြှင့်ပေးမယ်လို့ စည်ပင်က လိုက်လျော ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ် မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်နေသောကြောင့် တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း ပြန်လည် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ကလေးအားကစားကွင်းနှင့် ပန်းခြံကို ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ခွင့် ပြုထားသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီကို အောက်တိုဘာလအတွင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး နိုဝင်ဘာလ အတွင်းတွင်လည်း သိမ်ဖြူဘောလုံးကွင်း အိမ်ရာ ဆောက်လုပ်ခွင့် ပြုထားခြင်းကို သိမ်ဖြူ ရပ်ကွက်အတွင်း နေထိုင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာ့ဘောလုံး တိုးတက်ရန်ဟုဆိုကာ နိုင်ငံတော် အဆင့်တွင် လုပ်ကိုင်နေသော်လည်း ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဘောလုံးကွင်း အချို့မှာ အိမ်ရာ ဆောက်လုပ်ခြင်း၊ အခြားစီးပွားရေးဆိုင်ရာ ကိစ္စရပ် များအတွက် အသုံးချခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List