Monday, December 30, 2013

မင်္ဂလာတောင်ညွန့်တွင် မြေပြိုကာ လူသေဆုံးသည့်သတင်း မဟုတ်မှန်ဟုဆို

Monday, December 30, 2013

မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းတွင် ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က အဝီစိတွင်း တူးဖော်ရာမှ မြေပြိုကျကာ လူသေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်ထွေးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ ဝန်ထမ်း ကိုမျိုးဇော်ဦးသည် အဆိုပါလမ်းရှိ မြေအောက် လေးပေ အနက်တွင် မြှုပ်ထားသော သောက်သုံးရေ ပိုက်လုံးကို သန့်ရှင်းရေး လုပ်ဆောင်နေစဉ် တူးဖော်ထားပြီး မြေပြင်ပေါ် တင်ထားသော မြေသားများ ပြိုကျကာ မျက်နှာနှင့် ခန္ဓာကိုယ် ထိခိုက်မိပြီး သတိလစ် မေ့မြောသွားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရေပိုက်လုံးက သံချေးတွေ ခွာနေချိန် ပိုက်လုံးဖော်တုန်းက တူးထားတဲ့ မြေကြီးတွေက ပဲ့ကျပြီး သူ့အပေါ် ပြုတ်ကျတာ။ အော်သံကြားလို့ အနားကလူတွေ ရောက်သွားတဲ့ အချိန်မှာ သူက လဲကျနေပြီ။ အနားမှာလူတွေ ရှိနေတာ မြန်သွားလို့” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သတိလစ်သွားသူကို ရေတွင်းကုန်း ရပ်ကွက်ရှိ ဓမ္မာရုံသို့ သယ်ဆောင်ပြီး ရပ်ကွက်တွင်း နေထိုင်သူများက ဝိုင်းဝန်းပြုစု ပေးသောကြောင့် ၄၅ မိနစ်ကြာခန့်တွင် ပြန်လည် သက်သာခဲ့ကြောင်း နှင့် ၎င်းထိခိုက် ဒဏ်ရာများကို ဆေးခန်းသို့ သွားရောက် ကုသပေးခဲ့ကြောင်း၊ မြေပိသူ စည်ပင်ဝန်ထမ်းသည် ပြန်လည် သက်သာလာပြီး လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List