Tuesday, December 24, 2013

ပုဒ်မ (၁၈) အပါအ၀င် ပြည်သူလူထုအား နိုင်ငံရေးအရ တစ်ဖက်သတ်ဖိနှိပ်ထားသည့် ဥပဒေများအပေါ် ဆန္ဒထုတ်ဖော်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်

24-12-2013

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အပါအ၀င် ပြည်သူလူထု အပေါ် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ် မတရားဖိနှိပ်ထားသည့် ဥပဒေပုဒ်မများအား ကန့်ကွက်ဆန္ဒပြရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ဒီဇင်ဘာ ၂၄ ရက်(ယနေ့)၊ မွန်းလွဲ ၂ နာရီတွင် အဖွဲ့အစည်းပေါင်း ၅၀ ပါဝင်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ်ကုန်အထိ ငြိမ်းစုစီဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ အသင်းအဖွဲ့ ပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂၅၀ ကျော်အထိရှိနေပြီး သမ္မတမှပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပုဒ်မ ၁၈ ဖြင့် လွတ်မြောက်လာသူများ ပါဝင်ခဲ့သော်လည်း ထပ်မံတရားစွဲဆို ခံနေရမှုများရှိနေကြောင်းကိုလည်း သိရသည်။

ပုဒ်မ ၁၈ အား ရုပ်သိမ်းပေးရန် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသကဲ့သို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ငြိမ်းစုစီဥပဒေအား ပြန်လည်သုံးသပ်ရန် တင်ပြထားသော်လည်း ၎င်းပုဒ်မများဖြင့် ဖမ်းဆီးခံနေရသူများ၊ တရားစွဲဆိုခံနေရသူများ အများအပြားရှိနေသည်။

ငြိမ်းစုစီဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမြင့်အောင်က " ဒီပုဒ်မတွေ ရှိနေသမျှကတော့ နိုင်ငံရေး အကျဉ်းသားဆိုတာရှိနေမှာပဲ။ အခြားနိုင်ငံတွေမှာက ဆန္ဒပြခါနီးရင် အကြောင်းကြားလိုက်ရင်ပြီးပြီ။ ဒီမှာက ကြိုတင်ခွင့်ပြုချက်ယူရတယ်။ ခွင့်မပြုတာကများနေတော့ ဒါကဥပဒေအရ နောက်ကြောင်းပြန်နေ တာပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုရင် ဒီဥပဒေတွေကို ဖျက်သိမ်းပေးရမှာဖြစ်တယ်"ဟု ၎င်းပုဒ်မများနှင့်ပတ်သက်ပြီး ပြောကြား ခဲ့သည်။ နိုဝင်ဘာလအတွင်းက ထိုပုဒ်မများနှင့်ပတ်သက်ပြီး အဖွဲ့အစည်း ၅၀ ကျော်ပါဝင်ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List