Tuesday, December 24, 2013

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးနှင့် တွေ့ဆုံခြင်း လေးပွင့်ဆိုင်တွေ့ဆုံရေးတွင် စစ်တပ် မပါဝင်နိုင်၊ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဟု သုံးသပ်


24-12-2013

ဦးကျော်လင်းဦးသည် မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့်အပြင် မြန်မာ့ပြည်သူ့ ဖိုရမ် ကျင်းပနိုင်ရေးအတွက်လည်း ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေး နယ်ပယ်မှ လတ်တလော ထိပ်တန်းကိစ္စတစ်ချို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါသည်။(အယ်ဒီတာ တစ်ဦး)

မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်အရာတွေ ပြင်ဆင်ဖို့ လိုပါလဲခင်ဗျ။

ဖြေ- အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ကျွန်တော်အနေနဲ့ အချက်သုံးချက်ကို ပြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ပထမအချက်က ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို အာဏာ သယံဇာတနဲ့ အခွန်အကောက်တွေ ခွဲဝေရေးကိစ္စ၊ ဒုတိယအချက်က နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍကို လျှော့ချဖို့နဲ့ တတိယအချက် က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ဖို့ ၅၉(စ) ကို ပြင်ဖို့ပါ။

မေး- အဲဒီအချက်တွေက ပြင်ဆင်ဖို့ ဖြစ်လာနိုင်မယ်လို့ ယူဆပါလား။

ဖြေ- အဲဒီမှာတော့ လက်ရှိအနေအထားအရ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အတွက် အဲဒါနဲ့ ဆက်စပ်နေတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကို အာဏာခွဲဝေတဲ့ကိစ္စတွေကို ပြင်လိမ့်မယ် ထင်ပါတယ်။ ဒါကလည်း တပ်မတော်၊ တိုင်းရင်းသား ပါတီတွေ၊ အာဏာရပါတီနဲ့ အစိုးရနဲ့ သဘောထားတွေ နီးစပ်ကြလိမ့်မယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ကျန်တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ကတော့ လတ်တလောမှာ မဖြစ်နိုင်ဘူးလို့ မြင်သလို ၅၉(စ)ကို ပြင်ဆင်ဖို့က သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။

မေး- ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေး ကော်မရှင်ရဲ့ အနေအထားကို သုံးသပ်ပေးပါဦး။

ဖြေ- လက်ရှိဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေး ကော်မရှင်ကတော့ လာမယ့် ၂၀၁၅ ဇန်နဝါရီမှာ နောက်ဆုံး သုံးသပ်အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ လိုအပ်တဲ့ အကြံပြုချက်တွေ ထောင့်ပေါင်းစုံက နားထောင်ပြီး လွှတ်တော်ကို သုံးသပ်အကြံပြုချက် တင်ပါလိမ့်မယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကိစ္စ အောင်မြင်နိုင်မလား ခင်ဗျ။

ဖြေ- ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုတာမှာ ကျွန်တော် သိသလောက်ကတော့ သမ္မတရုံးဘက်က တရားဝင်မဟုတ်ဘဲ Informal တွေ့ဆုံဖို့ ကြိုးစား တယ်လို့ ကြားပါတယ်။ လေးယောက်စုံမှ မဟုတ်ဘဲ ဒီကြားထဲ တွေ့နိုင်တဲ့သူတွေ အရင်တွေ့ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေကို အရင်ပြောဆိုဖို့ လိုမယ် ထင်ပါတယ်။ လေးဦးစုံဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားသေ မစဉ်းစားသင့်ပါဘူး။ လေးပွင့်ဆိုင်မှာ စစ်တပ်ပါဝင် ဖို့ မလွယ်ဘူးလို့ ခန့်မှန်းပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နဲ့ Informal သဘောမျိုး တွေ့ဆုံဖို့ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။ အခု လာမယ့် ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀) ရက်မှာ မြန်မာပြည်သူ့ ဖိုရမ်ကျင်းပဖို့ ရှိပါတယ်။ အဲဒီမှာ သူတို့ သုံးဦးလုံးကို ဖိတ်ထားပါတယ်။ သူတို့ အနေနဲ့ နိုင်ငံရေးသဘောထား တွေကို အသီးသီး ပြောလို့ရပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ဒီသုံးဦးစလုံးရဲ့ စကားတွေကို ကြားချင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ကူညီဖို့ အဆင်သင့်ပါပဲ။

မေး- ၅၉(စ)ကိုပြင်ဖို့မှာ ၁၉၄၇နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေနဲ့ နှိုင်းယှဉ်ပြောပေးပါဦး။

ဖြေ- ၁၉၄၇ နဲ့ ၁၉၇၄ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ သမ္မတရဲ့ အခန်းကဏ္ဍ အနေနဲ့ နိုင်ငံခြားနဲ့ မပတ်သက်ဘူး။ နိုင်ငံခြားရဲ့ကျေးဇူးသစ္စာ မခံယူရဘူးလို့ပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပိုလာတဲ့အချက်က သားသမီးတွေရဲ့ အိမ်ထောင်ဘက်တွေအထိ ကန့်သတ်တာတွေ့ရတာ ထူးခြားချက်ပါ။ လက်ရှိမှာလည်း ၅၉(စ)ကို ပြင်တဲ့နေရာမှာ သားသမီးတွေ ကိစ္စကိုပြင်ဖို့ အဆိုပြုတဲ့သူတွေ ရှိနေပါတယ်။ သားသမီးတွေကိစ္စကို ပြင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတအဖြစ် အရွေးခံလို့ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါ တယ်။ လက်ရှိမှာလည်း ၅၉(စ) ကို ပြင်ဖို့ပြောတဲ့ နိုင်ငံရေးပါတီတွေရှိသလို ကန့်ကွက်တဲ့ နိုင်ငံရေး ပါတီတွေလည်း ရှိပါတယ်။ အချို့ကလည်း ကျန်တဲ့အချက်တွေ မပြင်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် အတွက်လမ်းဖွင့်ပေးဖို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။

မေး- လေးပွင့်ဆိုင်ဆွေးနွေးမှုမဖြစ်မြောက်ရင် NLD အနေနဲ့ လူထုလှုပ်ရှားမှု လမ်းကြောင်းကို ရွေးချယ်မယ် လို့ ဆရာယူဆပါ သလား။

ဖြေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု မဖြစ်လာရင်လည်း လူထုလှုပ်ရှားမှု လမ်းကြောင်းကိုသွားမယ်လို့ ကျွန်တော့်အနေနဲ့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လူထုလှုပ်ရှားမှုကို အားမပေးသလို ဖိနှိပ်မှု တွေများတဲ့ ကာလမှာကိုက လူထုလှုပ်ရှားမှုကို လုပ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။ အခုလို NLD လွှတ်တော်ထဲ ရောက်နေတဲ့ အချိန်မှာ မလုပ်ဘူးလို့ မြင်ပါတယ်။ နောက်တစ်ချက်က တိုင်းပြည် အတွက် NLD က ရွေးကောက်ပွဲ လမ်းကြောင်းကို မသွေဖည်ဘူးလို့ မြင်ပါတယ်။ ဒီလမ်းကြောင်းကပဲ ဒီထက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ဖြစ်နိုင်မယ်လို့ မြင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းက NLD အနေနဲ့ ဒီလမ်းကြောင်း ကနေ မသွေဖည်ဘူးလို့ ကျွန်တော် ယူဆတယ်။အခုလည်း ကြားနေရတယ်။ ၅၉(စ)ကို မပြင်ရင် NLD ကရွေးကောက်ပွဲ မဝင်ဘူးလို့ပါ။ ဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

မေး- ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ပါမလား။

ဖြေ- ၅၉(စ)ကို မပြင်သရွှေ့ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ၂၀၁၅မှာ Power Sharing တွေ အများကြီး ဖြစ်လာနိုင်မယ်လို့ မြင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ထုတ် Flower News ဂျာနယ်မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

My Blog List