Friday, December 27, 2013

ဒီဇင်ဘာ (၂၄) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၄) အပိုင်း(၁၇၇)တွင် ဖော်ပြထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၏ သဘောထားကို တင်ပြပေးလိုက်ပါသည်။


ကျော်ကျော်ဦး

ပြင်ချင်တဲ့ ပမာဏ အထိ နီးစပ်လာအောင်
ကိုင်တွယ် ချဉ်းကပ်ခြင်းသည် နိုင်ငံရေး အနုပညာ တစ်ရပ်

အားလုံး ပါဝင်တဲ့ နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးပွဲ ညီလာခံ လိုအပ်
ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ပေါ်လာတာ ကိုယ်နှိုက်က အရေးပါတဲ့ နိုင်ငံရေး ခေါင်းဆောင် တွေကြားထဲမှာ နိုင်ငံရေး သဘောတူညီမှု ရရှိဖို့ မကြိုးစားခဲ့ဘဲ တစ်ဖက်သတ် ဆောင်ရွက် ခဲ့လို့ ဒီနေ့အထိ ပြဿနာတွေ ပေါ်နေတာ ဖြစ်တယ်၊ အခုအချိန်အထိ အရေးပါတဲ့ နိုင်ငံရေး သဘောတူညီချက် တစ်စုံတစ်ရာ ရပြီလို့ ကျွန်တော်တို့ မကြားမိဘူး၊ ထုတ်မပြောသေး တာလား၊ သို့မဟုတ် ထုတ်ပြောလောက်အောင် သဘောတူညီမှု မရှိလို့လားလို့ ကျွန်တော် မသိဘူး၊ အဲဒီ အခြေအနေတွေက ဘာဖြစ် လာလဲဆိုတော့၊ ဘာများဖြစ်တော့မလဲ ဆိုတဲ့ မရေရာမှု အခြေအနေတွေကို ဖန်တီးနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရမယ်ဆိုတာ ပြီးခဲ့တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနား ဆုံးဖြတ်ချက်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်၊ အဲဒီဟာကို ဖော်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ နံပါတ် ၃ အချက် နောက်ဆုံး ဆုံးဖြတ်ချက်က အရေးကြီးတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ညီလာခံကြီးတစ်ခု ဖြစ်မြောက်ဖို့၊ ငွေရတု အခမ်းအနား ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ပြီးတော့ ဆုံးဖြတ် ထားတာ ဖြစ်တယ်။

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ
ပြဋ္ဌာန်းချက်တွေကို ကျော်လွှားနိုင်ဖို့
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ညီလာခံကြီး တစ်ခု တွေ့ဆုံဆွေးနွေးမှုကြီး တစ်ခုကနေ တစ်ဆင့် ပြင်ဆင်ဖို့ဆိုတာ ဒီသဘောထား ရှင်းလင်း ပြီးသား ဖြစ်တယ်။ တကယ်ကျတော့ ပြင်ဖို့ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တည်ဆဲ အခင်းအကျင်း အရဆိုရင် လွှတ်တော် မှာပဲ ပြင်နိုင်တယ်။ လွှတ်တော်ထဲမှာရှိတဲ့ သူတွေက ပြင်မှဖြစ်မယ်ဆိုတဲ့ အသိတစ်ခု မပြင်ရင် ဘယ်လို အကျပ်အတည်းတွေ စိန်ခေါ်မှုတွေ တွေ့ရမယ် ဆိုတာမျိုး သူတို့ ကိုယ်တိုင် နားလည် လက်ခံလာအောင် လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ ပြင်ဆင်တဲ့အခါ၊ ပြင်ဆင်နိုင်တဲ့ ရာခိုင်နှုန်း ပြင်ဆင်နိုင်တဲ့ အခြေအနေ ဖြစ်လာဖို့ အရေးကြီးတယ်၊ အဲသလို မဟုတ်ရင် စိုးရိမ်စရာ တစ်ခုက ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြင်ရမယ် ဆိုတာ တည်ဆဲ အခြေအနေ၊ လွှတ်တော်ထဲမှာ ပြင်တဲ့ အခြေအနေ ရောက်အောင် ပြင်ပကနေ ကြိုးပမ်းတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီထဲမှာ လူထု ဆန္ဒဖော်ထုတ်တဲ့ ကိစ္စတွေ ရှိတယ်။ အလွတ် သဘော လျှို့ဝှက် ဆွေးနွေးတာတွေလည်း ရှိနိုင်တယ်၊ အဲဒီကနေမှ တစ်ဆင့် တရားဝင် ဆွေးနွေး ဆုံးဖြတ်တဲ့အခါလည်း ကျရော ဘယ်လောက် ပမာဏကို ပြင်မယ်ဆိုတဲ့ သဘောတူညီမှုပေါ့၊ အဲဒီကို သွားကြရမှာ ဖြစ်တယ်။

၂၀၁၅ ခုနှစ် မတိုင်ခင် တစ်ထိုင်တည်း
မပြီးနိုင်၊ စဉ်ဆက်မပြတ်
ပြင်ဆင်ရမှာ ဖြစ်တယ်
ကျွန်တော်တို့က အားလုံး ကြားထဲမှာ လွှတ်တော်ထဲမှာ ပြင်ရမယ်ဆိုတဲ့ဟာကို မကြိုက်တဲ့ အခံနဲ့၊ ကြိုက်ခြင်း မကြိုက်ခြင်းက တရားတယ် မတရားဘူး ဆိုတဲ့ ကိစ္စက ရှင်းတယ်။ ကျွန်တော်တို့ အားလုံးလည်း ဒါကြီးကို ကြိုက်လို့ ဒီ အခြေအနေကြီးကို လက်ခံထားတာ မဟုတ်ဘူး၊ သို့သော် ဒီလက်ရှိ အခြေအနေကနေ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဘယ်လို ဆက်ပြီးတော့ ပြောင်းလဲ မလဲဆိုတဲ့ အတွက်ကို စဉ်းစားနေကြတာ၊ အဲတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ဆွဲတာ မဟုတ်ဘူး ဆိုရင် ပြင်ဆင်သည့် နည်းလမ်းသည် လွှတ်တော်ထဲမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အခန်းကဏ္ဍမှာ ပြဋ္ဌာန်းထားတဲ့ ဟာတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစား ရမယ်၊ အဲဒါကို နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေကော၊ ပြည်သူတွေ ဘက်ကကော ဘယ်လိုပြင်မလဲ ဆိုတဲ့ဟာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ အသစ်ရေးဆွဲတဲ့ နည်းလမ်း မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း တောက်လျှောက် လူထု သဘောထား ကောက်ယူတယ်ဆိုပြီး လုပ်ထား တာတွေမှာက ပြင်ဖို့လို့ပဲ ပြောထားတယ်။ ပြင်ဖို့ဆိုရင် ခုနစ်ဆယ် ရာခိုင်နှုန်းကျော် ဆိုတဲ့ ဟာကို ကျော်အောင် လုပ်ရမှာ ဖြစ်တယ်။

သူ ပြင်ချင်တဲ့ ပမာဏထက် ပိုတိုးလာ
အောင် ကိုယ် ပြင်ချင်တဲ့ ပမာဏ အထိ နီးစပ်လာအောင်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီးတော့ နောက်ထပ် နားလည်ရမယ့် ဟာ တစ်ခုက ဒီ ၂၀၁၅ မတိုင်ခင်မှာ တစ်ထိုင်တည်း နဲ့ ဥပဒေပုဒ်မပေါင်း ရာနဲ့ချီတဲ့ဟာတွေ အားလုံးကို ပြင်ဆင်လိမ့်မယ်လို့ နားလည်နေတယ်၊ အဲလိုမျိုး စဉ်းစားနေမယ်ဆိုလို့ ရှိရင်လည်း အဲဒါဟာ စိန်ခေါ်မှု တစ်ခုပဲ၊ အဲဒီ ဥပဒေ ပုဒ်မတွေ အားလုံးက ချရေးလိုက်ရတာ လွယ်တယ်၊ နိုင်ငံရေး သဘောတူညီချက် ရပြီးတော့ ဒီကာလမှာ ဒီလောက်ပမာဏကို သဘော တူညီပြီး ပြင်မယ် ဖြတ်သန်းမယ် နောက်တစ်ခါ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသည် စဉ်ဆက်မပြတ် လိုအပ်သလို ပြင်ဆင်သွားရမယ့် အသစ်ပြဋ္ဌာန်း သွားရမယ့် ကိစ္စဖြစ်တယ်။ ဒါဟာ တစ်ထိုင် တည်းနဲ့ ပြင်ဆင်တဲ့ကိစ်္စ မဟုတ်ဘူး ဆိုတာ ကိုလည်း ကျွန်တော်တို့ နားလည်ဖို့ လိုတယ်။
ကျွန်တော်တို့ စံထားပြီး ပြောနေတဲ့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေက နှစ် နှစ်ရာကျော် တောက်လျှောက် ပြင်တုန်း ရှိသေးတယ်။ တစ်ခုတော့ ရှိတယ် စကတည်းက အခြေခံကောင်းတွေ ပါရင်တော့ ပြင်ရတာ သက်သာတာပေါ့ အခုဟာကတော့ စတည် ကတည်းက တစ်ဖက်သတ် အခြေခံမူတွေ ချပြီးတော့ ဆွဲခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့် ပြင်ရတဲ့ ကိစ္စမှာတော့ ကျွန်တော်တို့မှာ အခက်အခဲတွေ အကျပ်အတည်းတွေ ပေါ်နေ ပါတယ်။
ကျွန်တော် ပြောချင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာသည် တစ်ထိုင်တည်းမှာ ပြင်ချင်သမျှ အားလုံးကို ပြင်တဲ့ လုပ်ငန်းမျိုး မဟုတ်ဘဲနဲ့ စဉ်ဆက်မပြတ် တောက်လျှောက် ရုန်းကန် လှုပ်ရှားပြီးတော့ ပြင်သွားရမယ့် စဆိုတာကို ကျွန်တော်တို့က နားလည်ဖို့ လိုတယ်။

ပြင်ဆင်နိုင်တဲ့ ရာခိုင်နှုန်းရအောင်
ယေဘုယျအားဖြင့် တစ်ဖက်က အစိုးရပိုင်း လွှတ်တော်ပိုင်း။ စစ်တပ်ပိုင်းကလည်း လောလောဆယ် နှစ်ဆယ့်ငါး ရာခိုင်နှုန်း ၀င်ထိုင်နေတာပဲ။ သူတို့တွေ ကိုယ်နှိုက်က ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အားနည်းချက် တွေ ရှိတယ်၊ ပြင်ဆင်ဖို့ လိုတယ်ဆိုတာကို ယေဘုယျ လက်ခံထားပြီးသားလို့ ကျွန်တော် နားလည်တယ်၊ ပြင်တာတော့ ပြင်မှာပဲ ပြင်တဲ့ ပမာဏက ကိုယ်လိုချင်သလောက် မပြင်ဘဲနဲ့ သူပြင်ချင် သလောက် ပြင်မှာကို ကျွန်တော် တို့က အငြင်းပွားနေတဲ့ ကိစ္စလို့ ကျွန်တော် မြင်တယ်၊ အဲဒီတော့ သူပြင်ချင်တဲ့ ပမာဏ ထက်လည်း တိုးလာအောင် ကိုယ်ပြင်ချင်တဲ့ ပမာဏ အထိလည်း နီးစပ်လာအောင် ဘယ်လို ကျွန်တော်တို့ ကိုင်တွယ် ချဉ်းကပ် နိုင်သလဲ ဆိုတာကတော့ အနုပညာလို့ ကျွန်တော် မြင်တယ်။ ဒါဟာ နိုင်ငံရေးအရ အနုပညာ တစ်ရပ်ပါပဲ။

စားပွဲဝိုင်းမှာ အဆုံးသတ်ရမှာ ဖြစ်တယ်
ဧရာမ စစ်ပွဲကြီးတွေလည်း အပြီးသတ် စစ်ပြေငြိမ်း စာချုပ်ချုပ်တယ်ဆိုရင် စားပွဲဝိုင်းနဲ့ပဲ ရှင်းရတာပဲ။
အခု ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စသည် နောက်ဆုံးမှာတော့ ဆွေးနွေး ညှိနှိုင်းတာနဲ့ပဲ ဖြေရှင်းရမှာပဲ၊ ဆွေးနွေး ညှိနှိုင်းခြင်းကသာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ အခြေအနေကို ရောက်မယ်လို့ ကျွန်တော် မြင်တယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာကို ဆုံးဖြတ်ထားတာ။ ပြင်ဆင်ရေးလို့ပြောရင် တည်ဆဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းတာ မဟုတ်ဘူး။ ဒါဆိုရင် တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် တွေကို ကျင့်သုံးပြီးတော့ပဲ ပြင်ဆင်ရမယ်ဆိုတဲ့ သဘောသက်ရောက်တယ်၊ အဲဒါ ဆိုရင် အဲဒီမှာ လိုအပ်တဲ့ ရာခိုင်နှုန်း ပမာဏရအောင် ပြင်ဆင် နိုင်တဲ့ ရာခိုင်နှုန်းရအောင် ကြိုးစားတာသည် ဆွေးနွေး ညှိနှိုင်းပြီးတော့ ပြင်ဆင်တဲ့ နည်းလမ်းပဲ။

ကိုကိုကြီး

No comments:

Post a Comment

My Blog List