Friday, December 27, 2013

အမျိုးသားအကျိုးစီးပွားကို ရှေးရှုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉(စ) မပြင်သင့် သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ) သည် ပထဝီနိုင်ငံရေးနှင့်အညီ ဗိုလ်ချုပ်လမ်းစဉ်ဖြင့် ပြဌာန်းထားသည့်ဥပဒေဖြစ်ဟုဆို

27-12-2013

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ- ၅၉(စ)သည် တရုတ်၊ အိန္ဒိယကဲ့သို့ နိုင်ငံကြီးနှစ်ခုကြား ရောက်နေသည့် မြန်မာနိုင်ငံ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားလို လား ရှေးရှုသည်ဆိုလျှင် မပြင်ဆင်သင့်ကြောင်း ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ပြောသည်။
”ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)ဟာ နိုင်ငံခြားသားကို လက်ထပ်သူ၊ သြဇာခံအထောက်အပံ့ ခံနေတဲ့ ဆက်နွှယ်နေသူတစ်ဦး တစ်ယောက်ကို ရည်ညွှန်းပြီး မြန်မာနိုင်ငံရဲ့သမ္မတမဖြစ်နိုင်ရေး အတွက် ပြဌာန်းရေးဆွဲထားတာ မဟုတ်ဘူး ဆိုတာကိုလည်း ပြတ်ပြတ်သား သားပြောရဲပါတယ်။ သန်း ၆ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံသားအားလုံး ရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ရေးဆွဲပြဌာန်းခဲ့သလို၊ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံနှစ်ခုကြားမှာ မုန့်ဖက်ထုပ်လေး တစ်ခု လို ဖြစ်နေတဲ့ ကျွန်တော်တို့တိုင်းပြည် ရေရှည် ရပ်တည်နိုင်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ရေးဆွဲထားတယ်ဆိုတာကို ပြောရဲပါတယ်”ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)အရသမ္မတ ဖြစ်နိုင်သူအချို့ သမ္မတမဖြစ်နိုင်သောအနေ အထားမျိုးရှိခဲ့ပြီး ထိုအနေအထားမျိုးတွင် တစ်ဦးတစ်ယောက်အား အခွင့်ထူးခံအဖြစ် သတ်မှတ်ပြီး ထို သူ သမ္မတဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ) ကို ပြင်ရမလား၊ ဖြုတ်ရမလားဆို သည့် မေးခွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုက်စား သင်ယူနားလည်သူများအဖို့ မကြားဝံ့၊ မဖြေဝံ့သော မေးခွန်း တစ်ခုဖြစ်ကြောင်း ယင်းက ဆို သည်။

ပုဒ်မ-၅၉ (စ)ကို ပုဂ္ဂိုလ်ရေး ခံစားချက်များဖြင့် တစ်ဦးတစ်ယောက်အတွက် ဦးတည်ပြင်ခဲ့ပါက သမ္မတ သက်တမ်း အလွန်ဆုံး ၂ ကြိမ်စာအတွက် ၁ဝ နှစ်၏ နောက်ပိုင်းတွင် အခြားသောတိုင်းတစ်ပါးသား လက်အောက်ခံသြဇာခံဆက်နွှယ်နေသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာလျှင် မြန်မာ့နိုင်ငံ ရေးအလားအလာ ဆုတ်ယုတ်နိုင်မည်ဟု သုံးသပ်သူများရှိသကဲ့သို့ အချို့ကလည်း မိဘနှစ်ပါးနိုင်ငံ သားဖြစ်လျှင် သမ္မတဖြစ်ခွင့်အတွက် ပြည့်စုံသည်ဟူသော သုံးသပ်ချက် များနှင့်စပ်လျဉ်းပြီး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ”မိဘနှစ်ပါး နိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလား ပင်လယ်အော်ကို မကျော်နိုင်တဲ့အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေ ရိကန်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလိုတခြားနိုင်ငံတစ်ခုအမျိုးသားအကျိုးစီးပွားကို အသက်ပေး ကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာ နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွှယ် နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လားဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နား လည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ဖြေသည်။

အရှေ့ဘက်မှ တရုတ်၊ အနောက်ဘက်မှ အိန္ဒိယတို့ကဲ့သို့ လူဦးရေထူထပ်သော နိုင်ငံကြီး နှစ် နိုင်ငံ အလယ်တွင် သန်းခြောက်ဆယ်သာရှိသော မြန်မာနိုင်ငံအနေဖြင့် လူ တစ်ဦးတစ်ယောက်ကို လေးစား ကြည်ညိုသည့် အကြောင်းပြချက်ကြောင့် သမ္မတဖြစ်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ) ကို ပြင်မည် ဆိုပါက တိုင်းပြည်ကို မချစ်ရာကျသလို လူတစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာရောက်သည်ဟု ယူဆ ကြောင်းယင်းကဖြည့်စွက်ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုသဘောဆန္ဒအရ ပြင်လိုကပြင်နိုင်သော်လည်း ပုဒ်မ- ၅၉ (စ)အားပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ခဲ့မည်ဆိုပါက ရင်ဆိုင်ရမည့်ဆိုးကျိုးများကို သုံးသပ်ရာတွင် ”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီးရှိသော်လည်း အချိန်အခါကြည့်ပြီးပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေ ညက် ညက် ဖတ်ရှုလေ့လာဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ) ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ယုံကြည်လို့ပါ။တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲရောက်လာကြ၊ လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြား နိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသနအပြုခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသားဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြား တိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အား မရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ဘက်က ပေးဆပ်ဖို့သက်သက်ပဲ ရှိပါ တယ်”ဟု ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ဆက်လက်ဖြေကြားသည်။

တဖန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ယင်းတို့အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား မှုများကို ၈၈ ကျောင်းတွင်းလှုပ်ရှားမှု၊ ၈၈ လူထု အရေးတော်ပုံ ကာလ တည်းက ပံ့ပိုးကူညီခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို လူထုလေးစားကြည်ညိုရသည့် ခေါင်းဆောင် တစ်ယောက်၊ မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် ကာချုပ်၊ သမ္မတကဲ့သို့ တန်းတူအရေးပါသော ထိပ်ခေါင်းဆောင်အဖြစ် ရှုမြင်ကြောင်း၊ သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ)ပြင်ဆင်ရေး၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော အပိုဒ် တစ်ပိုဒ်၊ စကားလုံးတစ်လုံး သည်ပင်လျှင် ပြည်သူ သန်း ၆ဝ ရှိလျှင် သန်း ၆ဝ၊ သန်း ၆ဝဝရှိလျှင် သန်း ၆ဝဝ လုံးနှင့်သက်ဆိုင်ပြီး ထို့ထက် ပို၍ နောက်မျိုးဆက်နှင့်ပါ သက်ဆိုင် သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် မည်သို့ ပြင်မည်နည်း၊ မည်သည့်အချိန် ပြင် မည်နည်း၊ မည်ရွေ့မည်မျှပြင်မည်နည်း ဆိုသောအချက်မှာ နိုင်ငံသား အားလုံး ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်း စားစားဆောင်ရွက်သင့်ကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်အတွက် လိုအပ်သောမူဝါဒများ အကောင် အထည် ဖော်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံစွန့်လွှတ်ပေးဆပ်သူများအတွက် သမ္မတ ဖြစ်လိုကြောင်း၊ မိမိကို သမ္မတမဖြစ်အောင် ပိတ်ပင်တားဆီးထားသောအခြေခံဥပဒေကို ကန့်ကွက်ပြီး မည်သည့်အခြေခံဥပဒေမျှ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး မရေးဆွဲသင့်ကြောင်း သြစတြေးလျ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လွှတ်တော်က ပြဌာန်းထားသည့်ဥပဒေတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ် ပြီး ၂ဝဝ၈ အခြေခံဥပဒေ အသက်မဝင်ခင် ပြဌာန်းထားသော တည်ဆဲဥပဒေအားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရမည်ဖြစ်သည်။ မညီညွတ်ခဲ့ပါ က ဥပဒေသဘောသဘာဝအရ ပျက်ပြယ်သလို၊ လွှတ်တော်များက ပျက်ပြယ်အောင် လုပ်ဆောင်မှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ မည်သည့်ဥပဒေမျှ ပြဌာန်းနိုင်ခွင့်မရှိပေ။ ပြဌာန်း ခဲ့သည်ရှိသော် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာပြင်ပြီးမှသာ ပြဌာန်းနိုင်မည် ဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသား ဒေါက်တာမိုက် ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ခြင်း၊ သား ၂ ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်နေခြင်းတို့ကြောင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ရေးကို အဟန့်အတားဖြစ်နေသည်။

http://www.echoingvoicenews.com/ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

No comments:

Post a Comment

My Blog List