Tuesday, December 24, 2013

၅၉(စ)တံခါး လေးပွင့်ဆိုင်နဲ့မှ ပွင့်မှာလား

 24-12-2013
နေထက်နီ

နိဒါန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး၊ သာယာဝတီမိန့်ခွန်း(၂)ခုဟာ မြန်မာ့နိုင်ငံရေးလောကအတွက် ကြီးမား လှတဲ့ အိပ်မက်ဆိုးများ ဖြစ်ပေါ်လာနိုင်တာကို တွေ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်ဆင်ရေးကို ကော်မတီဖွဲ့ဆောင်ရွက်နေပြီး အစိုးရဘက်ကလည်း ပြင်ဆင်ရေးကိုလက်ခံတယ်၊ တပ်မတော်ကလည်း ပြင်ဆင်ရေးကို အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လက်ခံတယ်။ ဒီတော့ ပြင်ဆင်ရေးကို လက်မခံဘူး ဆိုပြီး ပြည်သူတွေကို ပြင်ဆင်ပေးဖို့ စာရေးသားပေးပို့ခိုင်းနေတာဟာ ဘာကိုဆိုလိုတာလဲ။ နားမလည်နိုင် အောင်၊ နားလည်ရခက်စရာ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပြင်ဆင်ရေးဆိုတာဟာ ပုဒ်မ ၅၉(စ)ကို ဆိုလိုချင်တာလား။ ဒါကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ပဲ ထင်ပါတယ်။

ကြီးလေးကြီး၊ လေးပွင့်ဆိုင်

ကြီးလေးကြီးရဲ့ လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းရေးကို လူသိထင်ရှားတောင်းဆိုလိုက်ပြီးတဲ့နောက်မှာ လူထု အား နဲ့ တောင်းဆိုမယ် ဆိုတဲ့ လမ်းကြောင်းဟာ တစ်ကယ်တော့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေးကို ကျောခိုင်းပြီး ထိပ်တိုက်ရင်ဆိုင်ရေးကို လှမ်းလိုက်တာလို့ပဲ မြင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးအတွက် ပထမ အဆင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို သွားသင့်တယ် လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက ထုတ်ဖော်ပြောကြားလိုက်သလို ၅၉(စ)ပြင်ဆင်ဖို့ကို ရေရှည်အတွက် ချင့်ချိန်စဉ်းစားဖို့လိုတယ် ဆိုတဲ့ စကားကို ၈၈ မျိုးဆက် မင်းဇေယျက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၈၈ မျိုးဆက်ဟာ ပြင်ဆင်ရေး အကြံပြုချက်တွေကို လွှတ်တော်ကော်မတီကို ပေးပို့ဖို့ ထုတ်ဖော်ကြေညာထားတဲ့အဖွဲ့လည်း ဖြစ်နေပါ တယ်။ ဒီနေရာမှာ ပြင်ဆင်ရေးကို လက်ခံကြပေမယ့် ၅၉(စ)ကိုတော့ အကြိတ်အနယ် အငြင်းပွားဖွယ်ရာ တွေ ဖြစ်နေတယ် ဆိုတာ ထင်ရှားလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် ပေးအပ်ထားတဲ့ Mandate ကို သတိထားဖို့ လိုမယ် ထင်ပါတယ်။ ဒီ Mandate ဟာ အများ ကြီး ကျယ်ပြန့်လှပါတယ်။ အများကြီးလည်း နက်ရှိုင်းလှပါတယ်။ ပြည်သူလူထု တည်ငြိမ်အေးချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်တွေ အများကြီး ရှိနေပါတယ်။ တရားဥပဒေစိုးမိုးရေး အတွက်လည်း တာဝန်တွေ အများကြီး ရှိပါတယ်။ ဒီတာဝန်တွေအတွက် ဒေါ်စု ဘာတွေလုပ်နေပြီလဲ မေးခွန်းထုတ် ရပါလိမ့်မယ်။

ဥပဒေပြုရေး ဆိုတာ တရားဥပဒေစိုးမိုးရေးရဲ့ နိဒါန်း ဖြစ်ပါတယ်။ နိဒါန်းအဖွင့် မကောင်းရင် နောက်မှာ ရှိနေ တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ကသောင်းကနင်း နိုင်သွားမှာပဲ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ ပြင်ဆင်ရေးကို ကိုင်ထားနိုင်ရင် ပွဲသိမ်းပြီ ဆိုပြီး လွှတ်တော်အလိုလိုက် အကြိုက်ဆောင်ခဲ့တာတွေ ဟာ ဒီအချိန်မှာ အဖုအထစ်တွေ ဖြစ်လာတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဏ္ဍိုင်ကြီးအားလုံး အကြား ချိန်ခွင်လျှာတည်ငြိမ်အောင် ကြားဝင် ထိန်းသိမ်းပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဘယ်ဘယ်ကိုမှ ဘက်မလိုက်ဘဲ တရားဥပဒေစိုးမိုးရေးဘက်ကို လိုက်ရမယ့် သူဟာ ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ လွှတ်တော်ရဲ့ တစ်ဘက်စောင်းနင်း လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ရေး အောင်မြင်လိုတဲ့ ဆန္ဒနောက်မှာ ဆန္ဒာဂတိတွေ အလိုအလျောက် ဖြစ်ပေါ်ခဲ့တာဟာလည်း ပြန်ပြီး ချင့်ချိန် စရာ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ စကားကို အစောဆုံး ထုတ်ဖော်ပြောကြား ခဲ့ခြင်းဟာ ၅၉(စ)ပြင်ဆင်လိုခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီလို ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ဥပဒေပြု လွှတ်တော်ကို အလိုလိုက်ခဲ့ရပါတယ်။ လွှတ်တော်နဲ့ အစိုးရ ထိပ်တိုက်အငြင်းပွားမှုတွေမှာ လွှတ် တော်ဘက်က ရပ်တည်ပေးခဲ့ပါတယ်။ ဒီထိပ်တိုက်ရင်ဆိုင်မှုတွေမှာ အရေးကြီးလှတဲ့ ယုံကြည်မှုမိတ်ဖက် ဖြစ်ရမယ့် တပ်မတော်ကို ကျောခိုင်းခဲ့ပါတယ်။ နှုတ်ကပဲ တပ်မတော်ကို ချစ်ပါတယ် ပြောနေတာထက် လုပ်ဆောင်ချက်တွေက တပ်မတော်ကို မလိုလားတဲ့သဘောထားကို ပြသခဲ့ပါတယ်။ ၂၀၁၅ မတိုင်ခင် တပ်မတော်သားတွေ လွှတ်တော်ထဲက လုံးဝ ထွက်ခွါရေးဟာ လက်ရှိအနေအထားအရ မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်တာကို လက်ခံထားခြင်း မရှိဘဲ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးတည်တောင်းဆို နေခဲ့တာ တွေ့နိုင်ပါတယ်။

၅၉(စ)လည်း ပြင်ပေးရမယ်၊ ဖက်ဒရယ်လည်း သွားရမယ်၊ (၂၅%)လည်း ဖြုတ်ပစ်ရမယ် ဒီလို တောင်းဆို ချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာတွေ လိုက်လျောပေးမယ် ဆိုတာ ပြောခဲ့ဘူးပါ သလား။ တပ်မတော်ဟာ ပြင်ဆင်ရေးရဲ့ သော့ချက်ဖြစ်နေတယ် ဆိုရင် ဒီသော့ချက် အတွက် မက်လုံးက ဘာလဲ။ အပေးနဲ့အယူ သဘောတရားမှာ အပေး မရှိ အယူသာရှိ ဆိုရင် အပေး-အယူ အောင်မြင် နိုင်ပါ့မလား။


လွှတ်တော်မှားကွက်တွေ ဘာ့ကြောင့် ထောက်မပြခဲ့တာလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်သက်တမ်းမှာ တရားဥပဒေစိုးမိုးရေးအမြင်ထက် ကြံ့ခိုင်ရေး နဲ့ ပြေလည်ရေး လမ်းကြောင်းကို လျှောက်ခဲ့ခြင်းရဲ့ အကျိုးဆက်ကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တော့ အုပ်ချုပ်ရေးနဲ့ရော တပ်မတော်နဲ့ပါ ဆန့်ကျင်ဘက်အရပ်တစ်ခုစီမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ လွှတ်တော်မှာ ထိုင်နေတဲ့သူအတော်များများဟာ အခြေခံဥပဒေရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံမှာ ပါဝင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လွှတ်တော်က ကိုယ်ပိုင်လုံခြုံရေး ပျူစောထီးတပ်ဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းလာတယ်။ တည် ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ဘက် မပြောရဲဘူး။ ဘာကြောင့် လဲ၊ ပြင်ဆင်ရေးမှာ အနှောက်အယှက် ဖြစ်မှာစိုးတဲ့အတွက်။ သမ္မတလုပ်ပိုင်ခွင့်တွေ လွှတ်တော်က လွှဲပြောင်းယူမယ့် ဥပဒေကြမ်း ဆိုပြီး ဒေါက်တာမြတ်ဥာဏစိုးတို့ ထုတ်ဖော်ပြေကြားခဲ့တဲ့ လွှတ်တော်ဥပဒေ ကြမ်းကို သမ္မတ လက်မှတ်မထိုးဘူး။ ဒေါ်အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေခဲ့တယ်။ မဲဆန္ဒနယ်မြေ ရန်ပုံငွေ သိန်းတစ်ထောင်ကိစ္စ အခြေခံဥပဒေနဲ့ မညီရင် အခြေခံဥပဒေပြင်ပေါ့ ဆိုပြီး ဒေါ်အောင်ဆန်းစု ကြည်ပြောခဲ့ပါတယ်။ မညီတဲ့ဟာ မလုပ်ဖို့ ၀င်ပြီး မထိန်းခဲ့ဘူး။

အခု ဖွဲ့စည်းထားတဲ့ ပြင်ဆင်ရေးကော်မတီက ဘယ်လောက်အထိ ပြင်ပေးမှာလဲ။ ပြင်ဆင်ရေး ကော်မတီ နောက်ကွယ်က ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းကိုင် ပေါလစ်ဗျူရိုကြီးတွေ လွှတ်တော်ထဲမှာ ရှိတယ်။ တစ်ခွန်းမှ မပြောခဲ့ဘူး။ ငြိုငြင်မှာလည်း စိုးရသေးတဲ့အဖြစ်။

(၁ ရာခိုင်နှုန်း) ပြန်ခေါ်ခွင့်ကို လွှတ်တော်က ဟိုလိုလို ဒီလိုလို လုပ်ပြီး ရှောင်လွှဲနေတယ်။ ဒေါ်အောင်ဆန်း စုကြည် တစ်ခွန်းမှ ၀င်မပြောခဲ့ဘူး။ တစ်ကယ်တမ်း ဆန်းစစ်ကြည့်ရင် ပြင်ဆင်ရေးမက်လုံးနဲ့ အမှန်တရား ဘက်မှာ မရပ်တည်နိုင်၊ မဏ္ဍိုင်ကြီးတွေ အကုန်လုံးကို ပြန်ပြီးထိန်းကျောင်းနိုင်တဲ့ နိုင်ငံပြုမဏ္ဍိုင်အဖြစ် မလုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အုပ်ချုပ်ရေးကိုရော၊ လွှတ်တော်ကိုရော၊ တရားရုံးတွေကိုရော၊ မီဒီယာတွေကိုရော၊ ပြည်သူတွေကိုရော ထိန်းကျောင်းနိုင်တဲ့ သြဇာကြီးမားတဲ့ မဏ္ဍိုင်ကြီးတစ်ခုပါ။ ဒီမဏ္ဍိုင်ကြီး အသက်မ၀င်ခဲ့ဘူး။ သမ္မတဖြစ်ရေး ပြင်ဆင်ရေး မျှော် မှန်းချက်ကြောင့် ထိန်းကျောင်းရေးမဏ္ဍိုင်ကြီးတစ်ခုလုံး ပြည်သူတွေ ဆုံးရှုံးခဲ့ရတယ်။


၅၉(စ)ရဲ့ ထွက်ပေါက်

ထောက်ပြရင် မညှာမတာ ပြောထွက်တယ် ဆိုတဲ့ အပြစ်တင်သံတွေ ကြားရမှာ သေချာပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)ကို မရမက ပြင်နေမယ့်အစား ၅၉(စ)နဲ့ ညီသွားအောင် လုပ်လို့ မရဘူးလား။ စဉ်းစားကြဖို့ လိုပါတယ်။ ၅၉(စ) ပြင်လို့ မရဘူးဆိုတာကို လွှတ်တော်ကရော၊ တပ်မတော် ကရော ဒုတိယသမ္မတနေရာ လစ်လပ်သွားတဲ့အချိန်တုန်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့အချိန်က ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က ကန့်ကွက်ခဲ့ပြီး ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ ဒီဒုသမ္မတဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင်သွင်းခဲ့တဲ့ ဒုသမ္မတပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ သူတို့ တင်သွင်းခဲ့တဲ့ ဒုသမ္မတလောင်းကို ပယ်ချခဲ့တဲ့ ဒီပုဒ်မကို အသာတကြည် ကြည်ကြည်ဖြူဖြူ လက်ခံ နိုင်မှာ တဲ့ လား။ ဒီပုဒ်မနဲ့ ဦးမြင့်ဆွေကို ပယ်ချခဲ့တဲ့ ကြံ့ခိုင်ရေးအများစု ကြီးစိုး ထားတဲ့ လွှတ်တော်ကရော ဒီပုဒ်မ ပြင်ပေးပါ ဆိုပြီး ပြောကြမှလား။

ဒါဆိုရင် ဒီ ၅၉(စ)ကို ပြင်ဆင်ဖို့ ဖြစ်နိုင်မှာလား။ ဖြစ်နိုင်ချေ သိပ်ကိုနည်းနေပါတယ်။ ဒါဆိုရင် ဖြစ်နိုင်ချေ သိပ်ကိုနည်းနေတဲ့ ၅၉(စ)ကို ပြင်ဆင်မယ့်အစား ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)နဲ့ ညီအောင် လုပ်ယူလို့ မရဘူးလား။ သား(၂)ယောက်နဲ့ ချွေးမတွေ မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူကြမလား။ ဒါဆိုရင် ၅၉(စ)နဲ့ ညီညွတ်မသွားဘူးလား။ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ချင်တဲ့ ခေါင်းဆောင်ရဲ့ သား /သမီး တွေကရော မြန်မာနိုင်ငံသား ဖြစ်ရင် မကောင်းဘူးလား။

နောက်တစ်နည်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သားသမီးတွေကို စွန့်လွှတ်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ရက်စက်ရာတော့ ကျပါလိမ့်မယ်။ သမ္မတဖြစ်ရေးက အဓိက၊ ပြည်သူတွေအကျိုးကို သယ်ပိုးဖို့က အဓိက ဆိုရင် သားသမီးတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရာဇ၀င်တွင်ရစ်မယ့် စွန့်လွှတ်မှုတစ်ရပ် ဖြစ်လာ ပါလိမ့်မယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထွက်ပေါက်ပိတ်နေတာ မဟုတ်ဘူး။ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်နေတာ ဖြစ်ပါတယ်။ ပိတ်သူနဲ့ တွန်းသူ ဒီ(၂)ခုအကြားမှာ ပဋိပက္ခတွေ ဖြစ်လာ မှာတော့ သေချာနေပါတယ်။ နောက်တစ်ချက်က စနစ်တကျ ပိတ်ဆို့ဖို့ စဉ်းစားပြီးဆောင်ရွက်ခဲ့တဲ့ ဒီပုဒ်မ နဲ့ ပတ်သက်လို့ ပြင်ဆင်ရေးကို တာဝန်ယူထားကြတဲ့ လွှတ်တော်ထဲက ကြံ့ခိုင်ရေးအမတ်တွေကြားမှာ လူမသိသူမသိပဋိဥာဉ်တွေ ဘယ်လိုရှိနေသလဲ ပြည်သူတွေ မသိနိုင်သလို ဒေါ်အောင်ဆန်းစုကြည်လည်း သိနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ရေးဆွဲခဲ့ရာမှာ တာဝန်ယူခဲ့သူတွေကို ထိုးနှက်တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီလို ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ထိန်းဖို့ ဘယ်သူတွေ ကို တာဝန်ပေးခဲ့သလဲ ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ဥက္ကဌ (၂)ယောက်စလုံးဟာ ကြံ့ခိုင် ရေးပါတီကပဲ ဖြစ်သလို လွှတ်တော်ထဲက အများစုကလည်း ကြံ့ခိုင်ရေးကပဲ ဖြစ်နေပါတယ်။


ပြင်ဆင်ရေးကို ထိန်းထားတာက တပ်မတော် ဆိုပေမယ့် လွှတ်တော်ထဲမှာ ထိန်းထားတာက ကြံ့ခိုင်ရေး ပါတီဖြစ်နေတဲ့အတွက် ကြံ့ခိုင်ရေးပါတီက အမတ်တွေကို မေးခွန်းထုတ်ဖို့ လိုနေပါတယ်။ ကြံ့ခိုင်ရေး အမတ်တစ်ချို့ကလည်း မပြင်နိုင်ဘူး ဆိုပြီး ဗြောင်ပဲ ဖွင့်ပြောထားတာတွေ ရှိနေပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပေါလစ်ဗျူရို ဆရာကြီးတွေက ဘယ်သူလဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဖြစ်နေတာက ဘယ်သူလဲ။ အနီးဆုံး ရန်သူကို ရှာတိုက်ရမယ့် ပြင်ဆင်ရေးတိုက်ပွဲမှာ ပစ်မှတ်မှားနေသလား တွေးမိပါတယ်။ ပစ်မှတ်မှား ရင်တော့ နည်းဗျူဟာတွေ၊ ချဉ်းကပ်မှုလမ်းကြောင်းတွေလည်း မှားသွားတော့မှာ ဖြစ်ပါတယ်။


The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၁) မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

My Blog List