Friday, December 27, 2013

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဂိုဏ်းတစ်ခု ဖမ်းမိ

ဒီဇင်ဘာ ၂၅ ရက် နံနက် ၄ နာရီခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၌ အခြေစိုက်ထားသည့် ဘိန်းချက်စခန်းကြီးတစ်ခုကို နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၀င်ရောက်စီးနင်းခဲ့ပြီး တရုတ်လူမျိုးများ ပါဝင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဘိန်းချက်စခန်းကိုပိုင်တဲ့ ခေါင်းဆောင်ကလည်း တရုတ်လူမျိုးလို့ သိရပါတယ်။ စခန်းကကြီးပြီး လျှိုတွေထဲမှာ ဆောက်ထားတော့ သေနတ်သံကြားတဲ့အချိန်မှာ တရားခံတချို့ ထွက်ပြေးသွားပါတယ်။ အဲဒီထွက်ပြေးသွားသူတွေထဲမှာ ခေါင်းဆောင်ဆိုသူလည်း ပါနိုင်ပါတယ်”ဟု ဘိန်းချက်စခန်း ၀င်ရောက်စီးနင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လားရှိုးမူးယစ်တပ်ဖွဲ့စု ၂၄ မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းတစ်ခုကို မိုးမလင်းမီအချိန် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်ဗျူဟာမှ ဗိုလ်ကြီးရန်မျိုးကျော်၊ ခလရ ၂၄ မှ ဗိုလ်မှူးနေ၀င်းမောင်နှင့် လားရှိုးမူးယစ်တပ်ဖွဲ့မှ (၂၄၁) မှ ရဲအရာရှိများ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းမှ AK47 မောင်း ပြန်ရိုင်ဖယ်တစ်လက်နှင့် သေနတ်နှစ်လက်အပြင် ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် တရုတ်လူမျိုး အမျိုးသားနှစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အရေအတွက် အတိအကျ မသိရသော ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘိန်းချက်စခန်းပိုင်ရှင်မှာ တရုတ်လူမျိုး ဟော်လောက်ဖန်ဆိုသူဖြစ်ပြီး ၎င်းကိုဖမ်းဆီးနိုင်ရန်အတွက် ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

“စီမံချက်ကာလ ပြီးဆုံးသွားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လျှို့ဝှက်စုံစမ်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါတယ်။ ဒေသတွင်းမှာ မူးယစ်ဆေးဝါးပပျောက်ရေးကို အတတ်နိုင်ဆုံးကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသော မူးယစ်တရားခံသုံးဦးကို လားရှိုးမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေသော ဘိန်းချက်စခန်းပိုင်ရှင် ဟော်လောက်ဖန်ဆိုသူကိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆ (ခ)/၁၉(က)/၂၀(က)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဗဟိုမှ ရွှေလီစစ်ဆင်ရေးအမည်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်ကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ရာ မူးယစ်မှု ၁၈၂ မှုနှင့် ပြစ်မှုကျူးလွန်သူ ၂၄၃ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

No comments:

Post a Comment

My Blog List