
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေ ထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ် လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက် အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။ “ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကိုအလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့က လည်း အဲပေါက်တဲ့ငွေထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” ဟု လိမ် လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။
ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။
“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူ စိုက်ပေးထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့လွှဲပေး လိုက် တယ်။”ဟု ဒေါ်တိုး တိုးလှိုင်မှပြောသည်။
၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြားထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့် အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။ အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေးပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့ငွေသွင်း ခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။
Myit Makha Mediagroup
No comments:
Post a Comment