Saturday, August 04, 2012

ဦးသိန်းစိန် အစိုးရ ပေးစရာ အကြွေးတခု


ကလိမ်ကကျစ်ထောက်လှမ်းရေးက သေဒဏ်စီရင်ချက်ချထားတဲ့ ကိုဖြိုးဝေအောင် ဒီကနေ့ ပြန်လွတ်လာ ပါပြီ။   အင်မတန်ကောင်းတဲ့သတင်းတပုဒ်ပါပဲ။

၂ဝ၁ဝ ပြည့်နှစ် X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွေဟာ သူ့လက်ချက် ဆိုပြီး အစိုးရက သူ့ကို စွပ်စွဲ   ထောင်ချခဲ့တာပါ။
သူ လွတ်လာပေမယ့် အိမ်မပြန်နိုင်သေးပါဘူး၊ ထောက်လှမ်းရေး အရာရှိများရဲ့ လက်ချက်ကြောင့် ဆေးရုံမှာ ရှိနေပါတယ်။

ဦးသိန်းစိန်အစိုးရက သူ့ကို လွှတ်ပေးတဲ့အတွက် အမြတ် ၂ ခု ထွက်ပါတယ်။
၁ - ပြည်တွင်းပြည်ပက ကျေးဇူးတင်ကြတယ်။
၂ - သူ့အမှုကို ပြန်စစ်ဆေးပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေ ထွက်မလာခင် လွှတ်ပေးလိုက်တာကြောင့် မဟုတ်မတရား လုပ်ခဲ့တာတွေအတွက် ဖြေရှင်းချက်ထုတ်စရာ လောလောဆယ် မလိုတော့ဘူး ဆိုပြီး   ကျေနပ်နေလိမ့်မယ်။

ကိုဖြိုးဝေအောင် ၂၀၁၁ ဧပြီလမှာ အဖမ်းခံရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါ။
ထောက်လှမ်းရေးက ကိုဖြိုးဝေအောင်ကို နည်းမျိုးစုံ နှိပ်စက်ခဲ့ပါတယ်။ ဦးသိန်းစိန် သမ္မတ တာဝန်ယူထားချိန်မှာပါ။
ကိုဖြိုးဝေအောင်က သူဗုံးခွဲခဲ့ကြောင်း ၀န်ခံလက်မှတ်ထိုးလိုက်ရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူ ထားချိန်မှာပါ။
ကိုဖြိုးဝေအောင် သေဒဏ် စီရင်ချက် ချခံရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါပဲ။

ဒီအမှုဟာ ဦးသန်းရွှေခေတ်က ဖြစ်ခဲ့တာပါလို့ ဆင်ခြေပေးလို့ မရပါ။

ဒီလို မဟုတ်မတရား လုပ်ခဲ့တာတွေအတွက် ဦးသိန်းစိန် အစိုးရ တာဝန်ရှိသူများက ဖြေရှင်းချက် ထုတ်ပေး ရပါမယ်။
ကိုဖြိုးဝေအောင် အမြန်ဆုံး ပြန်လည်ကျန်းမာရေးအတွက် စီစဉ်ပေးရမယ်။ လျော်ကြေးတောင်းဆိုမှု ရှိခဲ့ရင်   ပေးရမယ်။
ဒီအမှုမှာ မှားယွင်း စစ်ဆေး စီရင်တဲ့ ထောက်လှမ်းရေးတွေ၊ တရားရုံးဆိုင်ရာ အရာရှိတွေကို အရေးယူရမယ်။

ဒါတွေ မလုပ်ဘူး ဆိုရင် ဦးသိန်းစိန် အစိုးရ လက်ထက် တရားဥပဒေ စိုးမိုးရေးကို အနှောင့် အယှက် ဖြစ်ပါလိမ့်မယ်။

သင်္ကြန်မဏ္ဍပ် ဗုံးခွဲသူတွေကို ရအောင် လိုက်မဖမ်းနိုင်ဘဲ မဆိုင်တဲ့သူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီး နှိပ်စက် ထောင်ချ။ ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နာမည်ကောင်းယူတာကတော့ အရင်အစိုးရ လက်ထက် လုပ်ခဲ့တဲ့ အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ဒါမျိုး မလုပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

My Blog List