Wednesday, August 01, 2012

ပြည်ပသို့ ရာဘာ တန်ချိန် ၉၅,၀၀၀ တင်ပို့ရန် ရည်မှန်းထား

၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရာဘာတန်ချိန် ၉၅,၀၀၀ တင်ပို့ရန်
မျှော်မှန်းထားရာ ယမန်နှစ်ကထက် တန်ချိန် တသောင်းကျော် ပိုများလာလိမ့်မည်ဟု မြန်မာ့ ရာဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း တာဝန်ရှိသူ တဦးက ပြောသည်။

ယခုဘဏ္ဍာနှစ် စတင်သော ဧပြီလမှသည် ဇူလိုင်လအထိ တန်ချိန် ၂,၀၀၀ ခန့်ကို တရုတ်နှင့် မလေးရှားနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့ပြီးဖြစ်ကာ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ တန်ချိန် ခုနှစ်သောင်းကျော် ပို့ရန် လျာထားသည်။

robber
Photo :: wikipedia.org
“လက်ရှိမှာ ရာဘာတင်ပို့မှုက နည်းနည်လေး အေးနေတယ်။ ဈေးနှုန်း
ကြောင့်လည်း ပါတယ်။ များသောအားဖြင့် ဒီဇင်ဘာလမှာတော့
ဈေးနှုန်းက တက်လေ့ရှိတတ်တယ်။ နောက်ပြီး တင်ပို့မှု မျှော်မှန်းချက်
ကတော့ ရာဘာခြံတွေကို ကွင်းဆင်းထွက်ရှိဖို့မှုက မူတည်ပြီးတော့ ဆုံးဖြတ်တာဖြစ်တယ်” ဟု ရာဘာအသင်း အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။

မြန်မာ့ရာဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရပြီး စင်္ကာပူ၊
မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ စသော
နိုင်ငံများသို့လည်း ရောင်းချလေ့ရှိသည်။

“မြန်မာနိုင်ငံအနေနဲ့ကတော့ ရောင်းတဲ့နေရာမှာ ဝယ်တဲ့နိုင်ငံ မှန်သမျှကို ရောင်းပေးတယ်။ ပြည်တွင်းက သူတွေလည်း လွတ်လွတ်လပ်လပ် ရောင်းချလို့ရအောင် ကျနော်တို့ အသင်းက စီစဉ်ပေးပါတယ်” ဟု ဦးခိုင်မြင့်က ပြောသည်။

ရာဘာစေးများကို မှိုင်းခံပြား (Ribbed Smoke Sheets) များ ပြုလုပ်၍ အဆင့် ၅ ဆင့် ခွဲခြားပြီး ပေါင် ၁၁ဝ ပါသော အထုပ်များ ထုပ်ပိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ဈေးကွက်တွင် ရော်ဘာ လက်ရှိ ပေါက်ဈေးမှာ ပြည်တွင်း
ရောင်းဈေးအတွက် RSS တပေါင်လျှင် ၉၅ဝ ကျပ်၊ RSS 1 တပေါင်လျှင် ၁,၁ဝဝ ကျပ်၊ R.S.S 5 တပေါင်လျှင် ၉၅ဝ ကျပ် ရှိသည်။

လက်ရှိ ပြည်ပ တင်ပို့ရောင်းချမှု ဈေးနှုန်းမှာ RSS တတန်လျှင် အမေရိကန် ဒေါ်လာ ၂,၆ဝဝ၊ RSS 3 တတန်လျှင်
ဒေါ်လာ ၂,၇ဝဝ နှင့် RSS 1 တတန်လျှင် ဒေါ်လာ ၂,၈ဝဝ ဈေးပေါက်သည်။ ယခင်နှစ်က ကမ္ဘာ့ဈေးကွက်တွင် အမျိုးအစားပေါ် မူတည်ပြီး တတန်လျှင် ဒေါ်လာ ၄,၈ဝဝ မှ ၅,၈ဝဝ အထိ ဈေးမြင့်တက်ခဲ့သည်။ ယခုနှစ်တွင် ဈေးနှုန်း ကျဆင်းနေသော်လည်း တင်ပို့ရမှု ပမာဏ ပိုများလာခဲ့သည်။

“ဒီဇင်ဘာလောက်တော့ ဈေးပြန်တက်လာမလားလို့ စောင့်နေကြတယ်။ ဈေးကောင်း မရတော့ သိပ်မမြတ်ဘူး။ အရှုံးပေါ်တဲ့ အဆင့်ထိတော့ မရောက်ပါဘူး” ဟု မော်လမြိုင် ဒေသခံ ကွင်းရာဘာခြံပိုင်ရှင် ဦးနိုင်လွင်ထွန်း က ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာ အဓိက ထွက်ရှိရာဒေသများမှာ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ဖြစ်ပြီး အခြားဒေသများတွင် လည်း တိုးချဲ့လုပ်ကိုင်လျက်ရှိကြသည်။

No comments:

Post a Comment

My Blog List