Thursday, August 02, 2012

ဆန္ဒပြခွင့် ပိတ်ပင်သူတို့ကို လယ်သမားများက တရားစွဲရန် ပြင်ဆင်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ လယ်သမားများက အသိမ်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေ များ ပြန်လည်ရယူလိုကြောင်း ဆန္ဒပြခွင့် တောင်းဆိုမှုအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အကြိမ်ကြိမ်
ငြင်းပယ်ခဲ့၍ ၎င်းတာဝန်ရှိသူများအား ဥပဒေကြောင်းအရ တရားစွဲဆိုရန် လယ်သမားများက ပြင်ဆင်လျက်ရှိသည်ဟု လယ်သမားများ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ကိုဖိုးဖြူ က ပြောသည်။

“ဥပဒေနဲ့အညီ ဆန္ဒပြခွင့်တွေ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ ဒါက တာဝန်ပျက်ကွက်တာ ဖြစ်တယ်။ ဒါကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုဖို့ ဥပဒေကြောင်း အရ ပြင်ဆင်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ ဝန်ထမ်းများကို တရားစွဲဆိုမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်နေသေးသည် ဟုလည်း ကိုဖိုးဖြူ က ပြောသည်။

၁၉၉၃ ခုနှစ်က လပွတ္တာမြို့နယ် အာဏာပိုင် မဝတ မှ ညောင်လိန် ကျေးရွာအုပ်စုအတွင်းရှိ သဲဖြူကျေးရွာမှ လယ်မြေ ဧက ၅၆၀ ကို သိမ်းယူသွားခြင်းဖြစ်သည်ဟု လယ်သိမ်းခံ လယ်သမားများက ပြောသည်။

ထိုသို့ အသိမ်းခံ လယ်မြေများ ပြန်လည်ရယူလိုကြောင်း ဆန္ဒထုတ်ဖေါ်ခွင့်ရရန် လယ်သမားများက ယခုနှစ် မေလ၊ ဇွန်လ၊ ဇူလိုင်လများအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ထံ တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့၍ ၎င်းတို့ကို တရားစွဲဆိုရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။

လယ်သိမ်းခံရခြင်းကြောင့် တောင်သူများအနေဖြင့် စားဝတ်နေရေး ကျပ်တည်းမှုများ ကြုံတွေ့နေရကြောင်း လယ် ၄၅ ဧက အသိမ်းခံခဲ့ရသူ ဦးသန်းကြည် က မဇ္ဈိမကို ပြောသည်။

“ကျနော့် ရှိသမျှလယ် ၄၅ ဧကလုံး အသိမ်းခံလိုက်ရတဲ့အတွက် လယ်ပိုင်ယာပိုင် ဘဝကနေ လက်လုပ်လက်စား အဖြစ်နဲ့ သူများအိမ်မှာ အလုပ်လုပ်နေရတယ်။ ပြီးတော့ လယ်ယာမြေ စတင်အသိမ်းခံရတဲ့နှစ်က ငွေကြေး အခက်ခဲ
ဖြစ်ပြီး ဆယ်တန်းတက်နေတဲ့ ကျနော့်သမီးကို ပညာတပိုင်းတစနဲ့ ကျောင်းထုတ်လိုက်ရတယ်” ဟု ပြောပြသည်။

ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်က “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်း
ကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်” ဖွဲ့စည်းသင့်ကြောင်း ဇူလိုင်လအတွင်းက
ပြည်ထောင်စု လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ အဆိုကို ထောက်ခံဆွေးနွေးသူ ၄၅ ဦးရှိပြီး ပြည်ထောင်စု လွှတ်တော်၏ ဆွေးနွေးသူ အများဆုံး စံချိန်တင်ခဲ့သည့် အဆိုတခုလည်း ဖြစ်သည်။

လွှတ်တော်၏ အဆုံးအဖြတ် ခံယူသည့်အခါ ထောက်ခံမဲ ၄၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၆ မဲ၊ ကြားနေ ၂၄ မဲဖြင့် ၎င်းအဆိုကို အတည်ပြုလိုက်သည်။

လယ်ယာမြေများ သိမ်းဆည်းခံရခြင်း အကြောင်းအရင်းများမှာ တပ်နယ်မြေများ တိုးချဲ့ခြင်း၊ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန များမှ မြို့ပြများ တိုးချဲ့တည်ဆောက်လုပ်ခြင်း၊ စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ လမ်းတံတားများ တည်ဆောက်
ခြင်း၊ ကုမ္ပဏီများမှ စက်ရုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ခြင်းကြောင့် ဖြစ်သည်ဟု ကိုယ်စားလှယ်များက လွှတ်တော်အတွင်း ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment

My Blog List