Wednesday, March 09, 2016

အစိုးရအဖွဲ့သစ်ပဟေဠိများနှင့်မတ်လဆန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂၀၁၆ မတ်လသည် အလွန်အလုပ် များသော လဖြစ်သည်။ အရာအားလုံးသည် နေပြည်တော်ရှိ နှင်းဆီစံအိမ် အတွင်းမှပင် စတင်သည်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန် ငါးနှစ်တာ သက်တမ်းတာဝန်ယူရတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ ပထမပတ်အတွင်း ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးကို သုံးကြိမ်ထက်မ နည်းပြုလုပ်ခဲ့သည်။
မတ်လ ၁ ရက်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုး ထားသည့်လွှတ်တော်က အစိုးရအဖွဲ့သစ်ခေါင်းဆောင် သမ္မတရွေးချယ် မည့်ရက်ကို ယခင်က မတ်လ ၁၇ ရက်၌ ပြုလုပ်ရန်စီစဉ်ရာမှ မတ်လ ၁၀ ရက်တွင် စတင်ရန် ပြောင်းလဲသတ်မှတ်ခဲ့သည်။

လွှတ်တော်က သမ္မတလောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်များ စတင်လုပ် ဆောင်မည့်ရက်ကို သတ်မှတ်လိုက်ခြင်းနှင့်အတူ အစိုးရအဖွဲ့သစ်၏သမ္မတ လောင်းနေရာအတွက် ခန့်မှန်းချက်များ၊ ထင်ကြေးပေးမှုများ ပလူပျံအောင် ထွက်ပေါ်နေသည်။

စစ်အစိုးရလက်ထက်တွင် ရေးသားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်အရ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်မည့် သမ္မတလောင်း နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများကို ခန့်မှန်းလာကြသည်။

ထိုသို့ ထင်ကြေးခန့်မှန်းပေးခံရသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သူ ဦးလွင်၏သမက်ဖြစ်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ အားကိုးရသူဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ယုံကြည် အားကိုးရသည့် လူနည်းစုထဲမှ တစ်ဦးဖြစ်သော ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၏မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်တို့သည် သမ္မတလောင်းများအဖြစ် အများဆုံးထင် ကြေးပေးခံရသူများဖြစ်သည်။

သမ္မတလောင်းနေရာအတွက် ခန့်အပ်မည့်သူနှင့်ပတ်သက်၍ သတင်းမီဒီယာ များ၏သုံးသပ် ခန့်မှန်းရေးသားမှုများ၊ နိုင်ငံရေးအသိုင်းအဝိုင်းများတွင် ဝေဖန်သုံးသပ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများက သမ္မတလောင်း ရွေးချယ်ရေးလုပ်ငန်းစဉ် စတင်မည့် မတ်လ ၁၀ ရက်ကိုသာ စောင့်ကြည့် ရန်ပြောကြားထားပြီး သမ္မတလောင်းနေရာအတွက် လျာထားသတ်မှတ် ထားခြင်းကို တိတိကျကျတစ်စုံတစ်ရာ ယနေ့တိုင် ပြောကြားထားခြင်း မရှိပေ။

သမ္မတလောင်းအပေါ် ထင်ကြေးပေးမှုများ၊ ခန့်မှန်းသုံးသပ်မှုများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ပြည်သူများစိတ်ဝင်စားနေသည့် အစိုးရအဖွဲ့သစ်အလား အလာများကိုမူ မတ်လ လဆန်းပိုင်းတွင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ထုတ်ဖော်ပြောကြားခဲ့သည်။

မတ်လ ၄ ရက်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအစည်း အဝေးတစ်ရပ် ကျင်းပခဲ့ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြ သည်။

အစည်းအဝေးအပြီးတွင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က အစိုးရအဖွဲ့သစ်လက်ထက်၌ လက်ရှိ ဝန်ကြီးဌာနများ လျှော့ချမည်ဖြစ်ကာ ဝန်ကြီး ဌာန၂၀ ကျော်သာထားရှိမည်ဟု ဆိုသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အစိုးရအဖွဲ့တစ်ရပ်လုံးကို ဖွဲ့နိုင်သည့်အနိုင်ရပါတီ ဖြစ်သော်လည်း အစိုးရသစ်၏ပြည်ထောင်စုအဆင့်ဝန်ကြီးများတွင် ပါတီက ၃၀ ရာခိုင်နှုန်းမှ ၄၀ ဆယ်ရာခိုင်နှုန်းကြားသာ ပါဝင်မည်ဖြစ်ကာ ပြင်ပမှ ပညာရှင်များ၊ အခြားသော ပါတီများမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာမည်ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရဖွဲ့ရန် လူရွေးချယ်ရာတွင် စေတနာ၊ အရည်အချင်းနှင့် အဂတိတရား လိုက်စားမှုအနည်း ဆုံးဖြစ်မည့်လူများကို ရွေးနိုင်ရန်နေရာတစ်ခုအတွက် လူသုံးဦးမှ ငါးဦးအတွင်း လျာထားသတ်မှတ်ထားရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စဉ်းစားထားကြောင်း ဦးဝင်းထိန်က ပြောကြားထားသည်။

မတ်လ ၄ ရက်က ကျင်းပသော အစည်းအဝေးတွင် အစိုးရသစ်ဖွဲ့စည်းရေး ကို ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ရက်အကြာ မတ်လ ၆ ရက် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်း၌ လက်ရှိအစိုးရထံမှ အာဏာလွှဲပြောင်းရယူမည့် အခမ်းအနားကို လွှတ်တော်တွင်သာ ကျင်းပရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အာဏာလွှဲပြောင်းရေးအခမ်းအနားကို သမ္မတအိမ်တော်တွင် ပြုလုပ်ရန် အစိုးရအဖွဲ့က ဆန္ဒရှိနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပြည်သူ့လွှတ်တော်၌သာ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ယင်းပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့က ပြောသည်။

ထိုသို့ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသော ကိစ္စရပ်များဖြစ်သည့် သမ္မတလောင်းရွေးချယ်ရေးလုပ်ငန်းစဉ် စတင်မည့်ရက်ကို လွှတ်တော်က သတ်မှတ်လိုက်ခြင်း၊ အစိုးရအဖွဲ့သစ်ဖွဲ့ စည်းပုံအလားအလာနှင့် အာဏာလွှဲပြောင်းရေးအခမ်းအနားကျင်း ပမည့်နေရာတို့ကို တိတိကျကျ သတ်မှတ်လိုက်ခြင်းသည် မတ်လ ပထမပတ်အတွင်း၌ပင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၁ နှစ်က ဖက်ဆစ်ဂျပန်များကို မြန်မာပြည်သူ တစ်ရပ်လုံးက တိုင်းပြည်လွတ်လပ်ရေးအတွက် အပြီးတိုက်ထုတ်ခဲ့ကြသည့် ၁၉၄၅ မတ်လကဲ့ သို့ပင် ၂၀၁၆ မတ်လသည်လည်း အာဏာရှင်များကို အန်တုခဲ့ကြပြီး အရပ်သားစစ်စစ်ဒီမိုကရေစီအစိုး ရကို မြင်တွေ့ချင်လှသော ပြည်သူများ၏ဆန္ဒများကို ပြည့်ဝစေမည့် လတစ်လအဖြစ် သမိုင်းသစ်မှတ် တမ်းဝင်တော့မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List