Friday, April 18, 2014

ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ


ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့ သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများစု တွင် ဖျော်ဖြေ မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသံချပ်အဖွဲ့ကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများက ပြု လုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်မှစကာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ၏ အကူအညီဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံချပ်ဖျော်ဖြေမှုကို ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ၏ ဖိတ်ကြားမှုအရ သွားရောက်ဖျော်ဖြေခြင်း၊ မြေပြင်ပေါ်တွင် ပြည်သူများအား မြေ၀ိုင်းဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ပြီး ယခုနှစ်
တွင် မြေ၀ိုင်းဖျော်ဖြေခြင်းပုံစံကို ပိုမိုပြုလုပ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုစည်သူမောင်က ပြောကြားသည်။

သံချပ်ဖျော်ဖြေမှုများတွင် ၎င်းတို့၏ သဘောမပါဘဲ ရေးဆွဲထားသည့်အတွက် လက်ရှိ ကျောင်းသားများ ကန့်ကွက်နေသည့် တက္ကသိုလ်ပညာရေး ဥပဒေကို ဆန့်ကျင်သည့်အချက်များ၊ တက္ကသိုလ်များကို ကွင်းပြင်ထဲတွင် ထားသည့်အတွက် လောင်းကစားဝိုင်းများ များပြားလာကာ ကျောင်းသား ကျောင်းသူများ ပျက်စီးကုန်သည့်အကြောင်း စသည့် အချက်များကို သရော်သည့် စာသားများ ပါဝင်သည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြင်ဆင်ရန်ခက်ခဲအောင် လုပ်ထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး၊ အဆိုပါ ပြင်ဆင်ရေးအပေါ် ကျောင်းသားများ အနေဖြင့်လည်း ပါဝင်သွားမည်ဆိုသည့် စာသားများလည်း သံချပ်များတွင် ပါဝင်ခဲ့သည်။

"တို့နိုင်ငံရဲ့အပြောင်းအလဲဟာ... ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာညက်နဲ့၊ အရေးအကြီးဆုံး စပြောမယ်၊ ပြောင်းကြမှာလား ပြင်ကြမှာလား... နာဂစ်ဥပဒေ၊ နာဂစ်ဥပဒေ"၊ "ဒေါင်းကမှာလား ဆင်ကမှာလား...ပြောင်းကြမှာလား ပြင်ကြမှာလား၊ ပြောင်းမယ်ပြင်မယ် ခေါင်းရယ်ဖင်ရယ်... တစ်ခုလုံးကို ရှုပ်နေတာပဲ၊ တစ်ခုလုံးကို ရှုပ်နေတာပဲ" စသည့်သံချပ် စာသားများ ပါဝင်ခဲ့သည်။

ထို့ပြင် တရားသူကြီးအချို့၏ အကျင့်ပျက်ခြစားမှုများနှင့် တရားရုံးအချို့၏ အကျင့်ပျက်ခြစားမှု အချို့ကိုလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

တရားသူကြီး၊ တရားရုံးများနှင့် ပတ်သက်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က "ဥပဒေရဲ့ အစွမ်းအစွမ်း...ပြည်သူတွေမှာ ခံစမ်း ခံစမ်း၊ ငွေများပြီး တရားနိုင်တော့...လေတွေများပြီး မကြားနိုင်ပေါ့၊ လာဘ်ပေးရင် ရန်မလိုတဲ့...ဥပဒေ ဥပဒေ တို့နိုင်ငံရဲ့ ဥပဒေ၊ တို့တိုင်းပြည်ရဲ့ဥပဒေ၊ ဥပဒေမှာ နှစ်မျိုးပဲရှိတယ်... အခုတစ်မျိုး တော်ကြာ တစ်မျိုး" စသည်ဖြင့် သံချပ်ထိုး ဝေဖန်ခဲ့သည်။

သံချပ်အဖွဲ့ထွက်ခြင်းနှင့်ပတ်သက်၍ ကိုစည်သူမောင်က "အဓိက,ကတော့ ပြည်သူကို အသိပေးချင်တာပေါ့။ နိုင်ငံရေး အကျပ်အတည်းတွေက ဒီနေ့အထိ ရှိနေတုန်းပဲဆိုတာ ချပြချင်တယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက် ရှိနေသေးတဲ့ ပြဿနာတွေ အားလုံးဟာ အတူလက်တွဲပြီး ဖြေရှင်းမှရမယ် ဆိုတာတွေကို သံချပ်စာသားတွေထဲမှာ ထည့်ပြောချင်တာကြောင့်ပါ" ဟု ပြောကြားသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ဖျော်ဖြေမှုတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ကိစ္စများအပေါ် စာရွက်ပေါ်တွင် လက်မှတ်ထိုးသည့် ငြိမ်းချမ်းရေး လားဟု သရော်မှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List