Friday, April 18, 2014

မပြေလည်မှုများကြားမှ အလှူဒါန ပြုလုပ်သူများဖြင့် မြန်မာနှစ်ဆန်း ၁ ရက်တွင် အစဉ်အလာမပျက် စည်ကား






မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ အထင်ကရ တန်ခိုးကြီးဘုရားများ၊ အပန်းဖြေဥယျာဉ်များနှင့် ကစားကွင်းများတွင် ဘုရားဖူးလာကြသူများ၊ အပန်းဖြေ လာရောက်ကြသူများဖြင့်
အထူးစည်ကားခဲ့သည်။

ထို့ပြင် စတုဒိသာ ကျွေးမွေးခြင်းများ၊ ဆန်နှင့်အစားအသောက် လှူဒါန်းခြင်းများကိုလည်း နှစ်ဆန်းအလှူ အဖြစ် လှူဒါန်းခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သည် သမိုင်းအစဉ်အဆက်ကပင် လာရောက်ဖူးမြော်ကြသူ စံချိန်တင် များပြားခဲ့ပြီး ယခုနှစ်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ၊ စတုဒိသာအလှူဒါန လာရောက်ပြုလုပ်သူများ၊ ဇိဝိတဒါန ပြုလုပ်သူများဖြင့် စံချိန်တင် များပြားလျက်ရှိသည်ကို တွေ့ရသည်။

ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းတွင်လည်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်း အဖွဲ့များ၊ လူငယ်ပရဟိတ အဖွဲ့များက အရုဏ်ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ ကြပြီး ဘုရားရင်ပြင်တော်နှင့် ဘုရားတန်ဆောင်းတို့တွင်လည်း ဘုရားဖူး လာရောက်ကြသူများကို စတုဒိသာ အချိုရည်များ တိုက်ကျွေးကြသည်ကို တွေ့ရသည်။

ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရှိ သွေးဆေးကန်တွင်လည်း ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း ပြုလုပ်သူများဖြင့် စည်ကားခဲ့သည်။

“ကျွန်မတို့က နှစ်တိုင်းနှစ်ဆန်း ၁ ရက်နေ့ဆိုရင် ရွှေတိဂုံဘုရားမှာ အအေးစတုဒိသာ အမြဲတိုက်ပါတယ်။ သူငယ်ချင်းတွေ အားလုံးစုပြီးတော့ တတ်နိုင်တဲ့ အလှုဒါန တစ်ခုအနေနဲ့ လှုဒါန်းဖြစ်တာပါ” ဟု ရွှေတိဂုံဘုရားတွင် အအေးစတုဒိသာ ပြုလုပ်သည့် မခိုင်ခိုင်နွယ်က ဆိုသည်။

ထို့အပြင် တန်ခိုးကြီးဘုရားများဖြစ်သည့် မဟာဝိဇယစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ကမ္ဘာအေးစေတီ၊ ကျိုက်ဝိုင်းစေတီ၊ မယ်လမုစေတီ၊ ကျောက်တော်ကြီး၊ ကျိုက်မှော်ဝန်း(ရေလယ်ဘုရား) တို့တွင်လည်း ဘုရားဖူးလာသူများ၊ စတုဒိသာ အလှူ လုပ်သူများ၊ ငါးလွှတ်သူများ၊ ငှက်လွှတ်သူများ များပြားခဲ့ကြောင်း သိရသည်။

မြန်မာလူမျိုးတို့သည် နှစ်သစ်၏ ပထမဦးဆုံးနေ့ရက်တွင် ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများကို ပြုလုပ် သည်မှာ ရှေ့ဆက်ဖြတ်သန်းရမည့် တစ်နှစ်တာ ကာလပတ်လုံးတွင် အနှောင်အဖွဲ့ကင်းစွာ ဖြတ်သန်းနိုင် ရန်နှင့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ အကျပ်အတည်းများကိုပါ လွတ်မြောက်စေသည်ဟူသော ယုံကြည်ချက်ဖြင့် ကုသိုလ်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ မဟာဝိဇယ ဘုရားတွင်လည်း နေမင်းမှ ဘုရားရှင်အား အလင်းရောင်ဖြင့် ပူဇော်သည်ကို လာရောက်ဖူးမြော်သူများဖြင့်လည်း အထူးစည်ကားခဲ့သည်။

ထို့အပြင် ဗိုလ်တထောင်စေတီတော်တွင်လည်း ရွှေရင်အေးစတုဒိသာ တိုက်ကျွေးခြင်း၊ ဆေးဝါးအလှု ဒါန ပြုလုပ်ခြင်းများကို ပြုလုပ်ကြပြီး ဗိုလ်တထောင်ဆုတောင်းပြည့် ဘိုးဘိုးကြီးတွင်လည်း လာရောက်ဖူးမျှော် ဆုတောင်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ဗိုလ်တထောင် ဆုတောင်းပြည့်ဘိုးဘိုးကြီးနှင့် အမတော် မြနန်းနွယ် နတ်နန်းတွင်လည်း ပြည်တွင်းမှ သာမကဘဲ ပြည်ပမှ ထိုင်းလူမျိုးများလည်း အများဆုံး လာရောက်ကြကြောင်း ဂေါပကအဖွဲ့၏ ပြောပြချက် အရ သိရသည်။

ဗိုလ်တစ်ထောင် စေတီတော်တွင် ဆေးဝါးအလှူဒါန ကုသိုလ်ပြုသည့် တာမွေမြို့နယ်မှ ကိုစည်သူကလည်း “ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး ဆေးလာလှူတာပါ။ ဆေးဘူး ၆၀၀ လောက် လှူမှာပါ။ အရင်နှစ်တွေတုန်းကတော့ အအေးလှူပါတယ်။ စတုဒိသာ လုပ်ပြီးရင်တော့ ဘုရားမှာ စုပေါင်းသန့်ရှင်းရေး လုပ်ကြမှာပါ” ဟု နှစ်ဆန်း ၁ ရက်နေ့တွင် အလှူဒါနပြုလုပ်ခြင်းနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

နှစ်သစ်တွင် ဆေးဝါးအလှူဒါန ပြုလုပ်ခြင်းသည်လည်း တစ်နှစ်တာပတ်လုံး အသက်ရှည် အနာကင်းသည်ဟူသော ယုံကြည်ချက်ဖြင့် မြန်မာတို့၏ လေးစားဖွယ် ဒါနကုသိုလ် တစ်ရပ် အဖြစ် တွေ့မြင်ရသည်။

နှစ်ဆန်း ၁ ရက်နေ့တွင် မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများပါ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများ ပြုလုပ်၍ ကုသိုလ်ယူခဲ့ကြကြောင်းကိုလည်း ထူးခြားစွာ တွေ့မြင်ခဲ့ရသည်။

“မြန်မာနိုင်ငံအတွင်းမှာ အခုလို မေတ္တာပို့ကြတဲ့ အလေ့အထ အလှူဒါနပြုကြတဲ့ အလေ့အထ ပိုမိုများပြားလာတာ ကောင်းမွန်တဲ့ အပြောင်းအလဲ အလေ့အထလို့ မြင်ပါတယ်။ အားလုံးလည်း ဒီလိုကောင်းမွန်တဲ့ အပြုအမူတွေ ပါဝင်လုပ်ကိုင် ကြစေချင်ပါတယ်။ ကျွန်တော်လည်း ဒီနေ့ နာရေးကူညီမှုအသင်းမှာ ရဟန်းသံဃာတွေပင့်ပြီး မေတ္တာပို့ဖြစ်တယ်။ ပရိတ်တရားနာယူ ဖြစ်ပါတယ်” ဟု ဦးကျော်သူ (နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ) ကပြောကြားသည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ သာဓုဆံတော်ရှင် စေတီတော်သို့လည်း ဘုရားဖူးသူများ၊ ငါးလွှတ်သူ များဖြင့် စည်းကားခဲ့ပြီး သာဓုကန် ကျေးရွာအတွင်း ရေကစားကြသူများ၊ ရေပက်ခံထွက်သူများ များပြားခဲ့သည်။

ထို့ပြင် ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင်လည်း နှစ်စဉ်ပြုလုပ်လျက်ရှိသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ဘိုးဘွားများကို ခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း စသည့်ကုသိုလ်ယူ ပြုလုပ်ပေးမှုများ များပြားခဲ့သည်။

ထို့အတူ ရန်ကုန်မြို့တွင်းရှိ တိရစ္ဆာန်ဥယျာဉ်၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ အင်လျားကန်၊ ဟက်ပီးဝေါလ် အစရှိသည့် အပန်းဖြေဥယျာဉ်နှင့် ကစားကွင်းများတွင် လာရောက်အပန်းဖြေသူများ စည်ကားခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း ၁ ရက်တွင် ရပ်ကွက်များအတွင်း စတုဒိသာကျွေးမွေးခြင်း၊ အန္တရာယ်ကင်း ပရိတ်တရား နာယူခြင်းများအပြင် ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများကို လှူဖွယ်ပစ္စည်းများဖြင့်လည်း ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ထိုသို့ စတုဒီသာ ကျွေးမွေးမှုများကို မြို့တွင်းရပ်ကွက်များနှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပြုလုပ်ခဲ့ရာ ယခင်နှစ်များထက် လာရောက်စားသောက်သူများမှာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

“သင်္ကြန်ကာလဆိုတော့ အလုပ်ကပါးတယ်။ အလုပ်မရှိတော့ ၀င်ငွေကလည်း မရှိဘူး။ ဒီလိုပဲ မိသားစုတွေ ဖြစ်သလို စားသောက်နေရတယ်။ ဒီနေ့က မြန်မာတွေရဲ့ နှစ်ဆန်း ၁ ရက်နေ့ဖြစ်လို့ ရပ်ကွက်အတွင်းမှာ ကုသိုလ်အဖြစ် စတုဒီသာ ကျွေးမွေးကြတယ်။ အခုကျွေးတဲ့ စတုဒီသာကို ကျွန်တော်တို့ မိသားစုလိုက် လာစားကြတာပါ။ ဒါ့ကြောင့် တစ်ရက်စာ ထွက်ငွေတော့ သက်သာသွားတဲ့အတွက် အလှူရှင်တွေကို ကျေးဇူးအရမ်း တင်မိပါတယ်” ဟု တောင်ဒဂုံ ၁၀၆ ရပ်ကွက်နေ ကိုမင်းသစ်က ပြောကြားခဲ့သည်။

ထိုသို့ စတုဒီသာ ကျွေးမွေးမှုများတွင် ထမင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် ကျွေးမွေးခြင်း၊ ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများလည်း ဝေငှခဲ့ကြောင်း သိရသည်။

မြန်မာသင်္ကြန် ရေသဘင်ပွဲတော် ကာလအတွင်း၌လည်း မြို့နယ်အသီးသီးရှိ ရပ်ကွက်များအလိုက် လမ်းများအလိုက် စတုဒီသာ ကျွေးများမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ် သကဲ့သို့ တစ်နှစ်တာပတ်လုံး ကောင်းမှုများဖြင့် စတင်ဖြတ်သန်းနိုင်ရန်အတွက် အလှူဒါနပြုလုပ် သည့် နေ့တစ်နေ့လည်း ဖြစ်ပေသည်။ 
 
ယင်းနေ့ထူးနေ့မြတ်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းအချို့ကလည်း ယာဉ်စီးခ အခမဲ့ဖြင့် ပို့ဆောင်ပေးခဲ့ကြပြီး ရန်ကုန်မြို့တွင်းသာမက နိုင်ငံတစ်ဝန်းးရှိ ဘုရားစေတီ ပုထိုးများတွင် ဘုရားဖူးများ၊ စတုဒိသာ ကုသိုလ်ဒါန ပြုလုပ်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည့် နေ့ထူးနေ့မြတ် တစ်ရက်ပင်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List