Friday, April 18, 2014

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော် သည့်အဖွဲ့ နှစ်ဆန်း ၁ ရက်နေ့တွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာ


သင်္ကြန်ကာလများတွင် ဆေးကုသမှု ခံယူရန်အတွက် ခေတ္တရပ်နားနေသော မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန်အတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့သည် နှစ်ဆန်းတစ်ရက်နေ့ တွင် မြင်းခြံမြို့မှ မန္တလေးသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့သည် နံနက် ၈ နာရီခန့်က မြင်းခြံမြို့ စွန်းလွန်းရပ်ကွက်ရှိ မြင်းခြံခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအနီးမှ စတင်ထွက်ခွာလာခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချီတက်ရာ လမ်းကြောင်းတစ်လျှောက် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မှုအား အပြီးတိုင်ရပ်ဆိုင်း ဖျက်သိမ်းရန်အတွက် ယခုကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး “ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး-ဒို့အရေး”၊ “အရေးတော်ပုံ-အောင်ရမည်” အစရှိသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး သွေးသစ္စာအမည်ရှိ ဧရာဝတီသီချင်းအား ဆန္ဒဖော်ထုတ်ရာ လမ်းတစ်လျောက် သံပြိုင်သီဆိုကာ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း အပြီးရပ်ဆိုင်းရန်အတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့သည် မတ် ၂၃ ရက်၌ ရန်ကုန်မှ စတင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် မြင်းခြံသို့ ရောက်ရှိခဲ့ကာ သင်္ကြန်ကာလအတွင်း ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဧရာဝတီ အရှေ့ခြမ်းနှင့် အနောက်ခြမ်း အဖွဲ့နှစ်ဖွဲ့ခွဲခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့၌ ဆက်လက်ထွက်ခွာခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်က ပြောကြားသည်။      

“နိုင်ငံတော်သမ္မတကြီးက သူ့ရဲ့ငါးနှစ်တာ သက်တမ်းမှာ စီမကိန်းရပ်ဆိုင်းကြောင်း ပြောထားပေမယ့် CPI ကုမ္ပဏီတွေက ဆီးဂိမ်းစ်ပြီးတဲ့နောက် ဧရာဝတီမြစ်ဆုံစီမံကိန်းကို စတင်လုပ်ကိုင်ဖို့အတွက် ခြေလှမ်းတွေ လှမ်းလာတာကို ကျွန်တော်တို့ ကျောင်းသားပြည်သူတွေ အားလုံးက သိရှိတဲ့အတွက် ဧရာဝတီမြစ်ဆုံ စီမံကိန်း ထာဝရဖျက်သိမ်းရန်အတွက် တစ်ပြည်လုံး အတိုင်းအတာနဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်တာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံသားတွေက အားလုံးက ဒီမြစ်ဆုံစီမံကိန်းဆက်လုပ်မယ့်ကိစ္စကို လက်မခံဘူး ဆိုတာကို ကမ္ဘာကိုရော၊ တရုတ်အစိုးရကိုရော၊ CPI ကုမ္ပဏီနှင့် နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ကို အသိပေးလိုက်တာပါ။

သို့သော်လည်း နိုင်ငံကြီး တစ်နိုင်ငံရဲ့ တံခါးဝမှာ ထိုင်နေရတဲ့ ကျွန်တော်တို့နိုင်ငံက ၂၃ နှစ်တာ ကာလ အတွင်းမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး မှီခိုမှုအနည်းငယ် ရှိနေတဲ့အတွက် ပြုပြင်ပြောင်းလဲနေတဲ့ ဒီလိုအခါမျိုးမှာ ဖိအားတွေ ရှိနေတဲ့အတွက် နိုင်ငံတော်သမ္မတကြီးနဲ့လွှတ်တော်ကို အပြုသဘောဆောင်တဲ့ ၀န်းရံတဲ့သဘော ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ထာဝရ ဖျက်သိမ်းပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ရစေချင်တာ ဖြစ်ပါတယ်” ဟု ကိုရဲထွဋ်ခေါင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List