Friday, April 18, 2014

သင်္ကြန်ကာလအတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် "နှုတ်ကိုစောင့်စည်းရန် ပန်းစကား" လှုပ်ရှားမှုပြုလုပ်


နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် "နှုတ်ကိုစောင့်စည်း ရန်အတွက် ပန်းစကား" လှုပ်ရှားမှုတစ်ရပ်ကို ဘာသာပေါင်းစုံပါဝင်သည့် ပန်းစကား လူငယ်အဖွဲ့အစည်း တစ်ခုက ပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို သင်္ကြန်အကျနေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၊ မန္တလေး၊ ပခုက္ကူ၊ ပဲခူး၊ သန်လျင်၊ ဒလနှင့် အစရှိသော ဒေသများ၌ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တွင် အဖွဲ့ဝင်လူငယ် ၅၀ ကျော်မှ အင်္ကျီအနီရောင် ဆင်တူများဝတ်ဆင်၍ သင်္ကြန်ကားငါးစီးဖြင့် "လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့" ပန်းစကားဟူ၍ ရေးထိုးထားသော ဗွီနိုင်း ၄၀၀၀ ကျော် ကို ဖြန့်ဝေခဲ့ကြသည်။

"အခုတစ်လော အင်တာနက် အွန်လိုင်းစာမျက်နှာတွေမှာရော အပြင်လောကမှာပါ လူသားအချင်းချင်း အမုန်းပွားစေမယ့် စကားတွေကို လှုံ့ဆော်၊ ဖြန့်ဝေပြောဆိုမှုကို အများအပြား ပြုလုပ်လာတာကို တွေ့မြင်
လာရတယ်။ ဒီလို အမုန်းစကားတွေ များလာရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်တွေ ရှိလာနိုင်တယ်။ လူ့အဖွဲ့အစည်းအတွင်း အမြဲတမ်း ငြိမ်းချမ်းသာယာ အေးချမ်းစေဖို့ကို ရည်ရွယ်ပြီး ဒီပန်းစကား လှုပ်ရှားမှုလေးကို လုပ်ဖြစ်တာပါ" ဟု ပန်းစကား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုနေဘုန်းလတ်က The Daily Eleven ကို ပြောကြားသည်။

ပန်းစကားအဖွဲ့၏ "လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့" ဗွီနိုင်းများကို သင်္ကြန်ရေပက်ခံထွက် လည်ပတ်သည့် ကားအချို့ ချိတ်ဆွဲထားကြသည်ကို တွေ့ရသည်။

ထို့အပြင် ပန်းစကားအဖွဲ့သည် ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် ရွှေတိဂုံဘုရား တောင်ဘက်မုခ်၌ အဆိုပါ လှုပ်ရှားမှုကို ထပ်မံပြုလုပ်ခဲ့ကြပြီး ပန်းအစည်း ၅၀၀၀ ကျော်နှင့် "ပန်းစကားတို့ ဖူးပွင့်ဝေ နှစ်သစ်မင်္ဂလာ ငြိမ်းချမ်းစေ" စာတန်းရေးထိုးထားသော စတေကာများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List