Saturday, April 19, 2014

မြန်မာနိုင်ငံအတွက် ၂၀၁၄ သည် အရေးပါသောနှစ်ဖြစ်ပြီး စိုးရိမ်မကင်းသည့် ပြဿနာရပ်များအပေါ် ဖြေရှင်းရာတွင် တိုးတက်မှုရှိရေး အရေးကြီးကြောင်း ဗြိတိန်တိုက်တွန်း


၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည် ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်ရ မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ၂၀၁၄ ခုနှစ်သည် အရေးပါသော နှစ်တစ်နှစ်ဖြစ်ပြီး စိုးရိမ်မကင်း ဖြစ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး တိုးတက်မှုရရှိရေး လုပ်ဆောင်ရန် အသက်တမျှ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအရ သိရသည်။
ဧပြီလ ဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် စိုးရိမ်မကင်းဖြစ်နေ ရသည့် အကြောင်းအရာများအား ၂၀၁၄ ခုနှစ်အတွက် လုပ်ဆောင်ရမည့် အဓိကကိစ္စရပ်များအဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နောက်တစ်ကြိမ်ကျင်းပခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်ဆွေးနွေးမှုများ၊ မြန်မာနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌဖြစ် လာခြင်းစသည့် အချက်များအား ဖော်ပြထားသည်။

အထက်ပါ အချက်များအပြင် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး သန်းခေါင်စာရင်း ကောက် ယူခြင်း၊ ဆန္ဒပြသူ အများအပြားအား ထောင်သွင်းအကျဉ်းချရန် အသုံးပြုလျက်ရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ထားသည့် ဥပဒေမူကြမ်းအား လွှတ်တော်တွင် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အထက်ပါ အချက်များအပြင် စာနယ်ဇင်းအား ထိန်းချုပ်ထားသည့် အငြင်းပွားဖွယ် ဥပဒေများ ကိုလည်း ဆွေးနွေးကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ အခြေအနေမှာလည်း အထိမခံဖြစ်နေကာ အုပ်စုကွဲအသိုင်းအ၀ိုင်း အချင်းချင်းအကြား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည့် အန္တရာယ် မှာလည်း ကြီးကြီးမားမား ရှိနေနိုင်သေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးအနေဖြင့် လူသားချင်း စာနာထောက်ထားမှု ဘဏ္ဍာငွေများ ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိနိုင်မှု တိုးတက်ကောင်းမွန် စေရေးအတွက် လုပ်ဆောင်မည်ဖြစ်ကာ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ပိုမိုလုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှအခြေအနေအတွက် ရေရှည် တည်တံ့သော အဖြေကိုရှာဖွေရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ ခဲ့သည်။

သီးခြားစိုးရိမ်ရသည့် ဖြစ်ရပ်တစ်ခုအဖြစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၏ ပုဒ်မ ၁၈ နှင့်တကွ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော အခြားဥပဒေပြဋ္ဌာန်း ချက်များပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မအရ တရားစွဲဆိုခံရသူ အများအပြားမှာ အပြစ်ရှိသည်ဟု ၀န်ခံပါက ဒဏ်ငွေအနည်းငယ် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်မရှိဟု လျှောက်လဲသူများမှာ သိသိသာသာ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အချက်များအပြင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျန်ရှိနေသေးကြောင်းနှင့် အကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေဆဲ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List