Tuesday, March 01, 2016

ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို မြို့နယ်တရားရုံး နှစ်ခု၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ တင်ပြထားသည့် မှတ်တမ်းဓာတ်ပုံများမှာ မြို့နယ်လွဲမှားနေကြောင်း စွပ်စွဲခံရသူတို့ ပြောကြား


လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးက ထောင်ဒဏ် ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် ဗိုလ်တထောင် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် အမှုအတွက် တရားလိုဖြစ်သူ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးအား စစ်ဆေးခဲ့ပြီး ရုံးချိန်းအား မတ် ၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီသက်သေခံ ဓာတ်ပုံတွေ အကုန်လုံးက တာမွေမြို့နယ်မှာ ဖြတ်ကျော်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တယ်။ အဲဒါကို ဗိုလ်တထောင်မြို့နယ်က သူတို့မြို့နယ်ကို ဖြတ်ကျော်တယ်ဆိုပြီး တရားစွဲဆို ထားတယ်။ အဲဒါက လွဲမှားနေတယ် ဆိုပြီးတော့ ကျွန်တော် ထောက်ပြထားတာ။ ကျွန်တော် အဲဒီ ဆန္ဒပြပွဲမှာ ပါခဲ့တယ် မပါခဲ့ဘူးဆိုတာ ကိုယ်တရားစွဲတဲ့ မြို့နယ်မှူးကိုယ်တိုင် သေသေချာချာ မသိဘူး။ အမှုစစ်က တင်ပြတဲ့ဟာကိုပဲ သူက ကောက်ပြီး စွဲရတဲ့ပုံစံ ဖြစ်နေတယ်။ ပြီးတော့ အခင်းဖြစ်နေ့က ဆန္ဒပြသူတွေကို လာရောက် တားမြစ်ခဲ့တာလည်း အခု တရားစွဲထားတဲ့ တရားလို မြို့နယ်ရဲတပ်ဖွဲ့မှူး မဟုတ်ဘူး။ အဲဒီတော့ သက်သေခံ ဓာတ်ပုံတွေက မှန်ကန်မှု မရှိဘူး။ ဒီသက်သေခံ မှတ်တမ်းဓာတ်ပုံက တာမွေမြို့နယ် တရားရုံးမှာလည်း သက်သေအဖြစ် တင်သွင်းထားတယ်။ 

အဲဒီတော့ ကျွန်တော်တို့က ဖြစ်စဉ်မှာ မပါဝင်ဘဲနဲ့ မှားယွင်း စွာတရားစွဲ ခံနေရတာပါ” ဟု တရားစွဲခံထားရသူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင် ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

ထိုသို့ သက်သေခံ မှတ်တမ်းဓာတ်ပုံ မြို့နယ်မှားယွင်းခြင်းမှုနှင့် ပတ်သက်၍ တရားလို ရဲမှူးစိန်ဝေက “အမှုစစ် အနေဖြင့် စစ်ဆေး၍ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ တာမွေမြို့နယ်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံများ မဟုတ်ပါ။ အခင်းဖြစ်နေ့ ဆန္ဒပြသူများကို မြို့နယ်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက တားမြစ်၍ ကျွန်တော်မှာ အခင်းဖြစ် အနီးတစ်ဝိုက်တွင် ရှိနေခဲ့ပါသည်” ဟု တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် ယင်းနေ့တွင် ၎င်းတို့အား ရှစ်လေးလုံး(၂၆)နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ တာမွေမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆)နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ် တရားရုံး၊ တာမွေမြို့နယ် တရားရုံးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ကိုစည်သူမှာ လွတ်မြောက်နေသဖြင့် သက်ဆိုင်ရာ တရားရုံးတို့က တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင်အား အလုပ်ပါသော ထောင်ဒဏ်ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ခြောက်နှစ်ကျော် ချမှတ်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် တက်ကြွလှုပ်ရှားသူများအား ယခင် ဆန္ဒပြခဲ့မှုများဖြင့် ထပ်မံ တရားစွဲဆိုမှုများရှိကာ လက်ရှိတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရှိရပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း မကုန်မီ ကာလအတွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ရှိသည်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေလင်းအောင်၊ နေမျိုးဝင်း
Eleven Media Group

No comments:

Post a Comment

My Blog List