Monday, February 29, 2016

လာဘ်မစားကြောင်း ခံဝန်ချက်ကို လက်မှတ်မထိုးတဲ့ တန်ဇေးနီးယား ၀န်ကြီးများ အဖြုတ်ခံရမည်


တန်ဇေးနီးယားသမ္မတ ဂျွန်မာဂူဖူလီက သူ့ရဲ့လာဘ်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတစ်စိတ်တပိုင်းအဖြစ် မိမိတို့ရဲ့ပိုင်ဆိုင်မှုကို မကြေညာတဲ့ သို့မဟုတ် လာဘ်မစားကြောင်း ခံဝန်ချက်ကို လက်မှတ်မထိုးတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီး တွေကို ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
မာဂူဖူလီဟာ နိုဝင်ဘာလမှာ ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်း အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ဖို့ စီမံချက်အများအပြားကို စတင်ခဲ့ပါတယ်။ အရှေ့ အာဖရိကနိုင်ငံမှာ အလုပ်လုပ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အဓိကအတားအဆီးက လာဘ်စားမှုဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းတွေက ပြောနေတာ ကြာပါပြီ။ တန်ဇေးနီးယားဟာ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ ၂၀၁၅ အကျင့် ပျက်ခြစားမှုအညွှန်းကိန်းမှာပါဝင်တဲ့ နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် အဆင့် ၁၁၇ ကို ရရှိခဲ့ပါတယ်။ သည်စာရင်းမှာ နံပါတ်တစ်ကလာဘ်စားမှုအနည်းဆုံး ဖြစ်ပါတယ်။

“မိမိတို့ရဲ့ပိုင်ဆိုင်ပစ္စည်းတွေအားလုံးကို မကြေညာရသေးတဲ့ ၀န်ကြီး အားလုံးဟာ စနေနေ့ညနေ ၆ နာရီမတိုင်ခင် အဲသည်လိုကြေညာရမယ်ဆိုတဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ပါပြီ” လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ထုတ်ပြန်စာထဲမှာ ပိုင်ဆိုင်မှုမကြေညာသူတွေကို အလုပ်ကထုတ်မယ်လို့လည်း ဖော်ပြထားပါတယ်။

သည်တစ်ပတ်အစောပိုင်းက အစိုးရ၀န်ထမ်းတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တစ်ခုကဆိုရာမှာ အကြီးတန်းဝန်ကြီးလေးဦးနဲ့ အငယ်တန်းဝန်ကြီး တစ်ဦးတို့ လက်မှတ်မထိုးရသေးဘူးလို့ သိရပါတယ်။

အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တခြားပြည်သူ့အရာရှိတွေဟာ နှစ်စဉ် ဒီဇင်ဘာလ ၃၁ ရက်မှာ နိုင်ငံ့အကျင့်စာရိတ္တထိန်းသိမ်းရေးရုံးမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကြေညာပြီးဖြစ်ရမယ်လို့ ဥပဒေမှာ ပါရှိပေမယ့် အရင်ကတော့ ဒါကို လျစ်လျူရှုခဲ့ကြပါတယ်။ ခံဝန်ချက်မှာ လက်မှတ်ထိုး ရတာကတော့ အသစ်ဖြစ်ပါတယ်။

မနှစ်က နှစ်ကုန်ခါနီးမှာ သမ္မတဖြစ်လာတဲ့ မာဂူဖူလီဟာ လာဘ်စားမှုနဲ့ အစိုးရအရည်အချင်းညံ့ဖျင်းမှုကို ဖယ်ရှားမယ်လို့ ကတိပြုထားပါတယ်။ သူဟာ အစိုးရရဲ့လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်၊ အခွန်ဥက္ကဌ၊ ရထားအရာရှိကြီးနဲ့ နိုင်ငံ့ဆိပ်ကမ်းအာဏာပိုင်ဥက္ကဌအပါအ၀င် အစိုးရ အရာရှိအများအပြားကို အလုပ်ဖြုတ်ခဲ့ပါတယ်။

တန်ဇေးနီးယားဟာ အာဖရိကမှာ လူတစ်ဦးချင်း အကူအညီအထောက်အပံ့ အများဆုံးရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလှူရှင်တွေက လာဘ် စားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနဲ့ ပြုပြင်ပြောင်းလဲရေး နှေးကွေးမှုတို့ကို စိုးရိမ်တယ်ဆိုပြီး လှူဒါန်းငွေတွေကို မကြာခဏ ရွှေ့ဆိုင်းလေ့ရှိပါတယ်။

ဘာသာပြန် - စုပြည့်စုံ
Ref: Reutes
Kumudra


No comments:

Post a Comment

My Blog List