Tuesday, March 01, 2016

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် ကျောင်းသားခေါင်းဆောင်များအား မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲဆိုနေခြင်းမှာ သက်ဆိုင်ရာအနေဖြင့် ကြိုတင်အပြစ်ပေးသကဲ့သို့ ဖြစ်နေကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ပြောကြား


ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် မြို့နယ်အသီးသီးတွင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင်တို့ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့၌ ပုဒ်မ-၁၈ ဖြင့် ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယင်းနေ့တွင် တရားစွဲခံထားရသည့် ကျောင်းသားများ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ကျောင်းသားခေါင်းဆောင်များကို မြို့နယ်တရားရုံး အသီးသီး၌ တရားစွဲဆိုနေခြင်းမှာ သက်ဆိုင်ရာ အနေဖြင့် ကြိုတင်အပြစ်ပေးသကဲ့သို့ ဖြစ်နေသည်ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

“အခုဟာက ကျောင်းသားတွေက တရားရုံးရဲ့ ပြစ်ဒဏ်ကို မခံရသေးဘူး။ ရာသီဥတုဒဏ်နဲ့ ခရီးလမ်းပန်း ဆက်သွယ်မှုဝေးတဲ့ အတွက်ကြောင့် ပင်ပန်းမှုဒဏ်ကို နေ့စဉ်ခံနေရတယ်။ တစ်ပတ်မှာ လေးရက်ခံရတယ်။ သာယာဝတီ တစ်ချိန်းပဲ တစ်ပတ်တစ်ရက်ရှိတယ်။ အဲဒီတော့ ကြိုတင်ပြီးတော့ ပြစ်ဒဏ်ပေးသလို ဖြစ်နေတယ်။ အဲဒီလို မဖြစ်ရအောင် ခရိုင်အလိုက် ခရိုင်တရားရုံးတွေမှာ ရုံးခန်းတွေ အများကြီးပဲ တရားသူကြီးတွေ မရှိဘူး။ အဲဒီမှာစစ်။ မြို့နယ်တရားသူကြီးတွေ လာခဲ့ကြ။ ကျယ်ကျယ်ဝန်းဝန်းနဲ့ စစ်လို့ရတယ်။ ဒီမှာဆိုရင် ကျောင်းသားတွေရော အားလုံးပဲ အလေးအခင်း သွားရတာကအစ ဒုက္ခရောက်တယ်။ ဒါက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က တရားသူကြီးချုပ်နဲ့ အဖွဲ့က စီမံပြီးတော့ ဆောင်ရွက်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အရေးကြီးအဆို တင်ပေးဖို့ လက်အုပ်ချီပြီး တောင်းပန်ပါတယ်။ ကျောင်းသားကိစ္စက အရေးကြီးပါတယ်” ဟုဦးရောဘတ်စန်းအောင်က ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုကို ထောက်ခံပွဲ ပြုလုပ်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ဗိုလ်တထောင် မြို့နယ်တွင် တရားစွဲဆို ခံရသော အမှုကို ယင်းနေ့ရုံးချိန်းတွင် မစစ်ဆေးဖြစ်ဘဲ တရားရုံးချိန်းအား မတ် ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့၌ ၎င်းတို့နှစ်ဦးအား အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်မှုအား ထောက်ခံပွဲ ပြုလုပ်ခဲ့မှုဖြင့်ပင် တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် မဖြိုးဖြိုးအောင်မှာ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင်လည်း ပုဒ်မ ၁၈ ဖြင့်တရားစွဲဆို ခံထားရပြီး အခြားမြို့နယ် အသီးသီးရှိ ရဲစခန်းများတွင်လည်း ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် ခံထားရကာ အမှုပေါင်း ၂၅ မှုအထိရှိကြောင်း ၎င်းတို့၏ ရှေ့နေများထံမှ သိရသည်။

အလားတူ ကိုနန္ဒစစ်အောင်မှာလည်း သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆို ခံထားရပြီး အခြားမြို့နယ် ရဲစခန်းများတွင်လည်း ပုဒ်မ ၁၈ ဖြင့်အမှုဖွင့် ခံထားရကာ အမှုစုစုပေါင်း ၈၀ မှုအထိရှိကြောင်း ၎င်းတို့၏ ရှေ့နေများထံမှ သိရသည်။


ဝေလင်းအောင်၊ နေမျိုးဝင်း
Eleven Media Group

No comments:

Post a Comment

My Blog List