Tuesday, March 01, 2016

နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ရန် မူလ သတ်မှတ်ထားသည့် မတ် ၁၇ ရက်ကို ပြင်ဆင်သတ်မှတ်မည်


နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ရန် မူလ သတ်မှတ်ထားသည့် ရက်ကို မတ် ၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မူလက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ သုံးခုမှ အစုအဖွဲ့ တစ်ခုလျှင် ဒုတိယ သမ္မတ တစ်ဦး ရွေးချယ်ရမည့် အစည်းအဝေးများကို မတ် ၁၇ ရက်တွင် စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာထားသည်။

သို့ရာတွင် မတ် ၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကြိုတင်လျာထားချက်၌ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်အား ပြင်ဆင်ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ သတ်မှတ်ရက်အား ပြန်လည် ပြင်ဆင်ခြင်းမှာ မူလရက်ထက် ပိုမိုဆောလျင်စွာ ဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်မှုပေါ့။ ပြီးတော့ နောက်တစ်ချက်က အစိုးရအဖွဲ့ ဖွဲ့စည်းဖို့အတွက် လျာထားသတ်မှတ်ချက်ပေါ်မှာ ကြိုပြီးတော့ အချိန်ယူလိုက်တဲ့ သဘောလို့ မြင်ပါတယ်။ အဲဒီတော့ အခု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ဆွေးနွေးပြီးပြီ။ အဲဒီမှာ သူတို့လည်း ၀န်ကြီးတွေလည်း လျာထားပြီးပြီဆိုတဲ့ အတိုင်းအတာမျိုးနဲ့ ကျွန်တော်တို့ အချိန်ကိုပြန်ပြီးတော့ အရှေ့ကို တိုးသလားလို့ ကျွန်တော်တို့ကတော့ မှန်းဆနေကြတယ်လေ။ ၅၉ (စ) လည်း အဖြေတစ်ခု ရလောက်ပြီလို့ ထင်တယ်။ နောက်တစ်ခါက ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေခန့်ဖို့ သူတို့မှာ သတ်မှတ်ပြီးပြီလို့ ထင်တယ်။ ဒီတော့ သမ္မတ ရွေးချယ်ပွဲကို ဒီထက် တစ်ပတ်လောက် စောပြီး လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ပြည်ထောင်စု ၀န်ကြီးတွေ ရွေးဖို့ အဲဒီအတွက် အချိန်ပိုရသွားမှာပေါ့။ နောက်တစ်ချက်က ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ရွေးဖို့လည်း အချိန်ပိုရသွားမယ်။ အဲဒါကြောင့် အဲဒီမှာလည်း သူတို့ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိဦးမှာပါ။ ပြည်နယ်တို့ တိုင်းဒေသကြီးတို့ အဲဒီလို ကိစ္စမျိုးကို သမ္မတ ရွေးကောက်ပြီးမှ အဲဒီ ကိစ္စက ဆက်ပြီး သွားနိုင်မယ်ဆိုတော့ သမ္မတ ရွေးကောက်ပွဲကို စောစောစီးစီး လုပ်ချင်လို့ ရှေ့ကို တိုးလိုက်တဲ့ သဘောလို့ မြင်ပါတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ တိုးဖို့ ပိုများပါတယ်” ဟု ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ပြောကြားသည်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရက်ပြင်ဆင်သတ်မှတ်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့သော် အဆိုပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ပါတီတွင်း စည်းရုံးရေးနှင့် တိုင်ကြားစာ ကိစ္စရပ်များသာ ဆွေးနွေးပြုလုပ်ခဲ့ကြောင်း ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားခဲ့သော်လည်း ယင်းအစည်းအဝေးတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်ရေး ကိစ္စများ၊ အစိုးရ ဖွဲ့စည်းရေး ကိစ္စရပ်များအား ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ၏ သဘောထား ရယူခဲ့ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသူ အချို့က သုံးသပ် ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၂ ခုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာများအား ရယူထားပြီးဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ခုတွင် ၄၇၅ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၁ နေရာ အနိုင်ရရှိထားသည်။

စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်
Eleven Media Group



No comments:

Post a Comment

My Blog List