Saturday, February 22, 2014

ဒလိုင်းလားမားကို သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံ၊ တရုတ်အစိုးရ ပြင်းထန်စွာ ကန့်ကွက်


တိဘက်ဒေသ လွတ်လပ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားသည့် ပုဂ္ဂိုလ်နှင့် ဘာသာရေး ခေါင်းဆောင်ဖြစ် သူ ဒလိုင်းလားမားကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်ဟု အမေရိကန်အစိုးရ အရာရှိကြီးများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ရှိ Map Room တွင် သီးသန့် တွေ့ဆုံမည် ဖြစ်သည်ဟု အမေရိကန် အရာရှိကြီးများက ပြောကြားသည်။

အစဉ်အလာအရ သမ္မတ အိုဘားမားသည် နိုင်ငံခြား ခေါင်းဆောင်များကို Oval Office တွင် လက်ခံ တွေ့ဆုံလေ့ ရှိသော်လည်း ဒလိုင်းလားမားကို Map Room ၌ တွေ့ဆုံရန် စီစဉ်ခြင်းမှာ ယင်းတွေ့ဆုံမှုကို အဆင့်နှိမ့်ထား လိုသောကြောင့် ဖြစ်သည်ဟု ယူဆရဖွယ် ရှိသည်။ 

အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်း ဟေဒန်က “သမ္မတက ဒလိုင်းလားမားကို လက်ခံ တွေ့ဆုံတာက သူဟာ နိုင်ငံတကာလုံး အတိုင်းအတာနဲ့ လေးစားခံရတဲ့ ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်နေလို့ပါပဲ” ဟု ပြောကြားသည်။ 

ထိုသို့ အိုဘားမားနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်သိမ်းရန် တရုတ်နိုင်ငံက အမေရိကန် အစိုးရကို တိုက်တွန်းခဲ့ပြီး ယင်းတွေ့ဆုံမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက် နစ်နာစေလိမ့်မည်ဟု ပြောဆိုထားသည်။ 

သို့သော် အမေရိကန် အစိုးရ အရာရှိကြီးများက ၎င်းတို့အနေနှင့် တိဘက်ဒေသ လွတ်လပ်ရေး ကိစ္စကို ထောက်ခံမှု မပြုကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကိုမူ စိုးရိမ်ပူပန်
မိကြောင်း ပြောကြားသည်။ 

တရုတ်အစိုးရသည် တိဘက်ဒေသတွင် ဘာသာရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့် မပေးဘဲ ဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ်လျက် ရှိသည်ဟု စွပ်စွဲ ပြောဆို ခံထားရသော်လည်း တရုတ်အစိုးရက မှန်ကန်မှု မရှိဟု ပြန်လည် တုံ့ပြန်ပြီး ယင်းဒေသ၌ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရှိအောင် ဆောင်ကြဉ်း ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။ 

တိဘက်ဒေသ လွတ်လပ်ရေး ကိစ္စနှင့် ပတ်သက်၍ ကက်သရင်း ဟေဒန်က “ကျွန်မတို့ တိဘက် လွတ်လပ်ရေးကို ထောက်ခံမှု မရှိပါဘူး။ တရုတ်ပြည်တွင်း လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စကိုသာ ခိုင်မာစွာ ထောက်ခံတာပါ။ တိဘက်ဒေသ တစ်ဝိုက် လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာပြီး တင်းမာမှုတွေ ရှိလာတဲ့အပေါ် ကျွန်မတို့ စိုးရိမ်မိပါတယ်” ဟု ပြောကြားသည်။ 

ဤရက်ပိုင်းမှာပင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အိုဘားမားနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမည့် ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ပါကြောင်း သတင်း ထုတ်ပြန်သည်။ 

“အမေရိကန် သမ္မတနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမှုသည် တရုတ်ပြည်တွင်းရေး ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် စွက်ဖက်မှု ပြုခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်သည် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ဆိုးရွားစွာ ဖောက်ဖျက်ခြင်း ဖြစ်ပြီး တရုတ်နှင့် အမေရိကန် ဆက်ဆံရေးကိုလည်း ဆိုးရွားစွာ ထိခိုက် နစ်နာစေမည် ဖြစ်သည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List