Saturday, February 22, 2014

ကွာခြားယူနစ် ကောက်ခံခြင်းအတွက် မြစ်ခြေဒေသခံ ၁၀၀ ကျော် ဒုတိယအကြိမ် ဆန္ဒပြ



မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် သရက်တောအုပ်စု ဒေသခံ ၁၀၀ ကျော်တို့က ကွာခြားယူနစ် ဝန်ပိုပြစ်ဒဏ် ပပျောက်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြစ်ခြေ လျှပ်စစ်ရုံးနှင့် ပခုက္ကူခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သရက်တောအုပ်စု ဒေသခံများထံမှ သိရသည်။

“ကွာခြားယူနစ် ဝန်ပိုတွေဖြစ်တာ ဘယ်သူတွေ တာဝန်ရှိလဲ၊ လျှပ်စစ်ဝန်ထမ်းနဲ့ နီးစပ်တဲ့ အိမ်တွေမှာ မီတာမတပ်ဘဲ မီးကြိုး သွယ်သုံးကြတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးညွန့်အောင် ကဆိုသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံ ၁၀၀ ကျော်တို့က မီတာခ အပိုယူနစ် မကောက်ခံရေး၊ အကျင့်ပျက် လျှပ်စစ်ဝန်ထမ်း အလိုမရှိ၊ တရားမဝင် ကောက်ခံထားသော မီတာ အပိုကြေးများ ပြန်လည် ရရှိရေးဟူသော တောင်းဆိုချက် သုံးချက်ပါ ဗီနိုင်းများ ကိုင်ဆောင်ကာ သရက်တော ခန်းမရှေ့မှ ပခုက္ကူ-ဆိတ်ဖြူလမ်း တစ်လျှောက် မြစ်ခြေ လျှပ်စစ်ရုံးရှေ့နှင့် ပခုက္ကူမြို့ခရိုင် လျှပ်စစ်ဌာနသို့ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သရက်တောအုပ်စု အမှတ် ၃ ရပ်ကွက်နေ ဦးတင်ဝင်းက ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲသို့ တိုင်းလျှပ်စစ် ဓာတ်အားပေးရေးရုံး တာဝန်ရှိသူ၊ ခရိုင်လျှပ်စစ် ဓာတ်အားပေးရေးရုံးမှ ခရိုင်မှူး ဦးအောင်မျိုးနှင့် ကံမ-မြစ်ခြေမြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးရုံးမှ မြို့နယ်မှူး ဦးသန်းမြင့်တို့ ရောက်ရှိလာသော်လည်း မီတာကွာခြားယူနစ် ဝန်ပိုပြစ်ဒဏ် ကောက်ခံခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖြေကြားခွင့် မရှိကြောင်း ငြင်းဆို ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ ဦးတင်ဝင်း၊ ဦးမြဆွေ၊ ဦးညွန့်အောင်တို့ကို မြစ်ခြေရဲစခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်း မြစ်ခြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကွာခြားယူနစ် ဝန်ပိုပြစ်ဒဏ် ကောက်ခံခြင်းကို ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ အပိုဆောင်းယူနစ် ဝန်ပိုပြစ်ဒဏ် ကောက်ခံခြင်း မပြုတော့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဆိုသော်လည်း သရက်တောအုပ်စု ၁၃ ရွာမှာ တစ်လလျှင် ကျပ်သိန်း ၃၀ ကျော် ကွာခြားယူနစ် ဝန်ပို ပြစ်ဒဏ် ပေးဆောင်နေရကြောင်း၊ ပေးဆောင်ခြင်း မရှိလျှင် မီးဖြတ်တောက်ကာ မီးဆက်သွယ်တန်းခ ၄၀၀၀ ကျပ် ပေးဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List