Sunday, August 18, 2013

ယူနိုက်တက်နှင့် လီဗာပူးလ်တို့ အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များ

Sunday, August 18, 2013
ယမန်နေ့ညက ကစားသွားသော ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများ အနိုင်ရပြီး အာဆင်နယ်မှာမူ အိမ်ကွင်းတွင် အရေးနိမ့်သွားခဲ့သည်။
လီဗာပူးလ် ၁ - ၀ စတုတ်ခ်စီးတီး
လီဗာပူးလ် အသင်းသည် အိမ်ကွင်းတွင် ကစားသည့် ပွဲစဉ်၌ ဒန်နီရယ်လ်စတားရစ်ဂ်ျ၊ ဖိလစ်ပီ ကော်တင်ဟို၊ အိုင်ဂို အက်စ်ပက်စ်၊ လူးကက်စ်လီဗာ၊ စတီဗင်ဂျရတ်၊ ယော်ဒန်ဟန်ဒါဆန်၊ ဟိုဆေး အန်ရီကေး၊ ဒန်နီရယ်လ် အဂ္ဂါ၊ ကိုလိုတိုရေးနှင့် ဂလင်းဂျွန်ဆင်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ စတုတ်ခ်အသင်းမှာမူ မက်သရူး အက်သရင်တန်၊ ပီတာခရော့ခ်ျ၊ ယိုနသန်ဝေါ်လ်တာ၊ စတီဗန်အန်ဇွန်ဇီ၊ မက်ဝီလ်ဆင်၊ ဂလင်းဝှီလန်၊ အဲရီခ်ပီတာစ်၊ ရောဘတ်ဟုသ်၊ ရိုင်ယန်ရှောခရော့စ်၊ ဂျော့ဖ်ကင်မရွန်တို့ကို အသုံးပြုလာသည်။ လီဗာပူးလ် တိုက်စစ်တွင် လူးဝစ်ဆွာရက်ဇ် မပါဝင်နိုင်သော်လည်း စတားရစ်ဂ်ျ ခြေစွမ်းပြကာ အဓိက ဦးဆောင် ကစားသွားသည်။ ပွဲအစပိုင်း အတန်ငယ် အေးခဲ့သော်လည်း (၈)မိနစ်တွင် ဟုသ်၏ အားထုတ်မှု တိုင်ထိခဲ့သလို (၁၃)မိနစ်တွင် တိုရေး၏ ခေါင်းတိုက်ချက်လည်း တိုင်ထိသွားသဖြင့် နှစ်သင်းလုံး တစ်ကြိမ်စီ နစ်နာခဲ့သည်။ (၃၈)မိနစ်တွင် အက်စ်ပက်စ် ချပေးသော ဘောလုံးကို ဂိုးဧရိယာ အပြင်ဘက်နားမှ စတားရစ်ဂ်ျက အနိမ့်ကန်သွင်းပြီး လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းသည် ယခုရာသီ ပရီးမီးယားလိဂ် အဖွင့်ဂိုးလည်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် အိမ်ရှင်တို့ ပွဲကို ပိုမိုထိန်းကစားပြီး စတုတ်ခ်က ချေပဂိုးအတွက် ဖိအားပေးလာရာ (၈၉)မိနစ်တွင် ပင်နယ်တီ ရရှိခဲ့သည်။ ဂိုးဧရိယာထဲ ကျလာသည် ဘောလုံးကို အဂ္ဂါတားဆီးရန် ကြိုးစားရင်း လက်ထိသဖြင့် ပင်နယ်တီ ပေးရခြင်း ဖြစ်သည်။ ယင်းကို ဝေါ်လ်တာ ကန်သွင်းရာ လီဗာပူးလ် ဂိုးသမား ဆိုင်မွန်မစ်ဂ်နိုလတ် ပုတ်ထုတ်ခဲ့သလို ထပ်ဆင့် ပိတ်သွင်းချက်ကိုပါ ကာကွယ်သွားသည့်အတွက် လီဗာပူးလ်တို့ ပွဲဦးထွက် အမှတ်ပြည့် ရရှိသွားသည်။

အာဆင်နယ် ၁ - ၃ အက်စ်တန်ဗီလာ
တစ်ယောက်လျော့ အနေအထားနှင့်အတူ အိမ်ကွင်းတွင် အာဆင်နယ်တို့ ရုန်းကန်ရပြီး ဗီလာကို ဂိုးပြတ် အရေးနိမ့်သွားသည်။ အာဆင်နယ်တွင် အိုလီဗီရာဂီရော့ဒ်၊ သီအိုဝဲလ်ကော့တ်၊ အေရွန်ရမ်ဆေး၊ အဲလက်စ်အိုလိဒ် ချိန်ဘာလိန်၊ တိုမက်စ် ရိုဆစ်စကီး၊ ဂျက်ဝီလ်ရှိုင်းယား၊ ကီရန်ဂစ်ဘ်၊ ပါးမာတီဆက်ကာ၊ လောရင့်ကိုစီရယ်လ်နီနှင့် ဘာကလေဆက်ဂ်ညာတို့ ပွဲထွက်ခဲ့သည်။ ဗီလာဘက်တွင် ခရစ္စတီယန် ဘန်တက်ကီ၊ ဂါဘရီရယ်လ် အဘွန်လဟော်၊ အန်းဒရက်စ်ဝိန်းမန်း၊ အက်ရှ်လေဝက်စ်ဝုဒ်၊ ဖေဘီယန်ဒက်ဖ်၊ ကာရင်အာမေဒီ၊ အန်တိုနီယိုလူနာ၊ နသန်ဘေကာ၊ ရွန်ဗလား၊ မက်သရူးလိုတန်တို့ ပါဝင်ကစားသွားသည်။

ပွဲချိန် (၆)မိနစ် ကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသည်။ ချိန်ဘာလိန် ဆွဲပြေးပြီး ချိုးပေးသော ဘောလုံးကို ဂီရော့ဒ်က ဧရိယာထဲတွင် အပိုင်ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲချိန် (၁၉)မိနစ်တွင် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီက အဘွန်လဟော်ကို တားပုံကြမ်းသဖြင့် အာဆင်နယ်အသင်း ပင်နယ်တီ ပေးခဲ့ရသည်။ ယင်းကို ဘန်တက်ကီက ကန်သွင်းရာ ဆက်ဇနီ ပုတ်ထုတ်သော်လည်း ဘန်တက်ကီကပင် ထပ်ဆင့်ခေါင်းတိုက်ချက်ဖြင့် ချေပဂိုး စတင်သွင်းယူသည်။ အောက်စည်းပြန်ရောက်သွားသည်။ (၆၁)မိနစ်တွင် ဘန်တက်ကီကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ရာမှ ကိုစီရယ်လ်နီ အဝါကတ် ထိခဲ့သလို ပင်နယ်တီပါ ပေးလိုက်ရသည်။ ယင်းပင်နယ်တီကိုမူ ဘန်တက်ကီက အနိမ့်ကန်ချက်ဖြင့် အမှားအယွင်းမရှိ သွင်းယူသွားသည်။ မကြာမီမှာပင် ဝိန်းမန်းကို ခပ်ကြမ်းကြမ်း ထပ်မံကစားသဖြင့် ကိုစီရယ်လ်နီ ဒုတိယအဝါထိကာ အာဆင်နယ်တို့ (၁၀)ယောက်ကျန်ဖြင့် ရုန်းကန်ခဲ့ရသည်။ (၈၃)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဝိန်းမန်း ဖန်တီးပေးသော အခွင့်အရေးကို လူနာက လွတ်လွတ်ကျွတ်ကျွတ် အသုံးချကာ (၃-၁) ဖြစ်လာစေပြီး ပွဲရလဒ်ကို သေချာသွားစေခဲ့သည်။

ဆွမ်ဆီးစီးတီး ၁ - ၄ မန်ချက်စတာယူနိုက်တက်
ဆွမ်ဆီးအသင်းသည် အိမ်ကွင်းတွင် မီချူး၊ ဝိန်းရော့လတ်ဂ်ျ၊ ယွန်ဂျိုရှယ်လ်ဗီ၊ နသန်ဒိုင်ယာ၊ လီယွန်ဘရစ်တန်၊ ဟိုဆေးကာနက်စ်၊ ဘန်ဒေးဗီးစ်၊ အက်ရှ်လေဝီလျံ၊ ချီကို၊ အန်ဂျယ်လ်ရန်ဂဲလ်တို့ ပွဲထွက်လာခဲ့သည်။ ယူနိုက်တက်ဘက်တွင်မူ ရော်ဘင်ဗန်ပါစီ၊ အန်တိုနီယို ဗလန်စီယာ၊ ဒန်နီဝဲလ်ဘက်၊ ရိုင်ယန်ဂစ်၊ တွမ်ကလီဗာလေ၊ မိုက်ကယ်ကာရစ်၊ ရီယိုဖာဒီနန်၊ နီမန်ယာဗီဒစ်၊ ဖီးလ်ဂျုံးစ်နှင့် ပက်ထရစ် အီဗရာတို့ ပါဝင်ကစားသွားသည်။

ပွဲအစပိုင်းတွင် ယူနိုက်တက် ကစားပုံ လေးနေသလို ဆွမ်ဆီးက ပိုမိုဖိကစားခဲ့သော်လည်း မိနစ်(၃၀) နောက်ပိုင်းတွင် ချန်ပီယံတို့က ပွဲကို ပိုမိုလွှမ်းမိုးလာသည်။ (၃၄)မိနစ်တွင် ဂစ်ကန်တင်ပေးလိုက်သော ဘောလုံးကို ဗန်ပါစီက လူကျွံထောင်ချောက်အား ပါးနပ်စွာ ဖြတ်ကျော် ရယူပြီး ရင်ဘတ်ဖြင့် တစ်ချက်တားကာ လှလှပပ Volley ဆွဲကန်ပြီး ယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူခဲ့သည်။ ချက်ချင်းလိုလိုပင် ဘယ်ခြမ်းမှ ဖြတ်တင်ဘောကို ဆွမ်ဆီးခံစစ်မှူးနှင့် ဗန်ပါစီ ခေါင်းယှဉ်တိုက်ရင်း ကျလာသော ဘောလုံးအား ဗလန်စီယာက အနိမ့်ဖြတ်ပို့သည်ကို ဝဲလ်ဘက်က ဝင်ပိတ်ပြီး နောက်တစ်ဂိုး ရရှိသွားသည်။ (၆၁)မိနစ်တွင် ယူနိုက်တက်အတွက် ဝိန်းရွန်နီ လူစားဝင် ကစားခဲ့သည်။ (၇၂)မိနစ်တွင် ရွန်နီချပေးသော ဘောလုံးကို ဗန်ပါစီက ဘီးကုပ်ဧရိယာ ထိပ်နားတွင် ခံစစ်သမားများကို လှည့်စားပြီး ဘယ်ခြေဖြင့် ခပ်ပြင်းပြင်း ကန်သွင်းသဖြင့် (၃-၀)ဖြစ်လာသည်။ (၈၂)မိနစ်တွင် ဝဲလ်ဘက်၏ မပါးနပ်မှုမှတစ်ဆင့် ပျက်လာသော ဘောလုံးကို ပက်ဘလို ဟာနန်ဒက်ဇ် ခင်းပေးရာ လူစားဝင် တိုက်စစ်မှူး ဝီလ်ဖရိုက်ဒ် ဘိုနီက ဆွမ်ဆီးအတွက် ချေပဂိုး သွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင်မူ ရွန်နီ အနာခံ ဖန်တီးပေးမှုမှတစ်ဆင့် ဝဲလ်ဘက်က ဂိုးသမား မိုက်ကယ်ဗွမ်ကို အသာအယာ ကျော်ကန်ဂိုးသွင်းကာ ယူနိုက်တက်အတွက် အပိတ်ဂိုးကို ရရှိပြီး ချန်ပီယံတို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ တက်လာခဲ့သည်။

အခြားပွဲစဉ် ရလဒ်များ
ဝက်စ်ဟမ်းယူနိုက်တက် ၂ - ၀ ကားဒစ်ဖ်စီးတီး
ဆန်းဒါးလန်း ၀ - ၁ ဖူလ်ဟမ်
နောဝစ်ခ်ျစီးတီး ၂ - ၂ အဲဗာတန်
ဝက်စ်ဘရွန်းဝစ်ခ်ျ ၀ - ၁ ဆောက်သမ်တန်

Soccermyanmar.com

No comments:

Post a Comment

My Blog List