Thursday, March 21, 2013

FEC ကိုင်ဆောင်ထားသူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးစေလို

FEC ငွေကြေးပြန်လည်ရုပ်သိမ်းရန် လွှတ်တော်တွင်းအတည်ပြုလိုက်ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်း များ ကို ထိခိုက်မှု မရှိနိုင်သော်လည်း ကိုင်ဆောင်ထားသူများအနေဖြင့် နစ်နာမှုမရှိအောင် ပြန်လည် သိမ်းဆည်း သင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့်စီးပွားရေးပညာရှင်တို့က ဆိုသည်။
"FEC ကဖျက်သိမ်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာကိုင်ဆောင်ခွင့်မရတဲ့အချိန်မှာ တိုကင် တစ်ခု အနေနဲ့ အသုံးပြုတာပါ။ FEC ဆိုတာကတရုတ်နိုင်ငံကနေစတင်ပြီးသုံးခဲ့တာပါ။အခုက တရုတ်နိုင်ငံ မှာလည်း အသုံးမပြုတော့ပါဘူး။ FEC တွေကို ဘယ်လိုပြန်သိမ်းမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။"ဟု စီးပွားရေး ပညာရှင် ဦးမျိုးမင်းက ပြောသည်။နိုင်ငံတော်အစိုးရအနေဖြင့် FEC ငွေစက္ကူများ ပြန်လည် သိမ်းဆည်းမည်ဆိုပါက ထိုငွေကြေးကိုင်ဆောင် ထားသူ များ မနစ်နာအောင် ဆောင်ရွက်ပေးသင့်ကြောင်း ၄င်းက ဆက်လက်အကြံပြုပြောဆိုသည်။
အဆိုပါ ငွေစက္ကူပြန်လည်ရွေးနုတ် ရယူရန်အတွက် နိုင်ငံတော် သမ္မတမှပေးပို့သော နိုင်ငံတော်၏ စီးပွားရေး စနစ် တွင် ကြားခံအဖြစ် သုံးစွဲနေသော FEC အား ပြန်လည်ရွေးနုတ်ယူမည့် ကြေငြာချက် ထုတ်ပြန်နိုင်ရေး အတည် ပြုချက်ကို မတ်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်၊ ဆဋ္ဌမပုံမှန် အစည်းအဝေး၌  သဘောတူညီခဲ့ခြင်းဖြစ်သည်။
"FEC ငွေကြေးကို ဒီမှာ ကန်ဒေါ်လာသုံးစွဲလို့ မရတုန်းက ဒေါ်လာငွေကြေးနဲ့ ကိုက်ညီတဲ့ တန်ဖိုးငွေအဖြစ်နဲ့ ထုတ်ထားပေးတာပါ။ အခုက ကန်ဒေါ်လာကို ဘဏ်တွေမှာ တရားဝင်လဲလှယ်လို့ ရနေပါပြီ၊ ဒီစနစ်နဲ့ သွားနေ တာဆိုတော့ FEC ပြန်သိမ်းလို့ ထိခိုက်မူတွေတော့ မရှိနိုင်ပါဘူး။ ပြည်တွင်း ပြည်ပ သွင်းကုန်ထုတ် ကုန်လုပ်ငန်း တွေမှာလဲ ဘာထိခိုက်မှုမှ မရှိနိုင်ပါဘူး"ဟု ဦးမင်းကိုကိုနိုင် (ပဲကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး) က ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ ငွေကြေးကို ၁၉၉၃ ခုနှစ်မှ စတင်ကာသုံးစွဲခဲ့ပြီး ယခုအခါ ထိုငွေ စက္ကူများကို လူတန်းစာအလွှာအသီးသီးမှ သုံးစွဲနေပြီး ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် တစ်စုံ တစ်ခု ပြုလုပ် မည်ဆိုပါက တရားဝင်ကြေငြာ အသိပေးဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်း အသိုင်းအ၀ိုင်းများက ပြောဆိုသည်။
"ပိုကောင်းပါတယ်။ ဒီ FEC ငွေကြေးက မလိုအပ်တော့ပါဘူး။ နိုင်ငံတကာမှာ သုံးနေတဲ့ ကန်ဒေါ်လာနဲ့ မိမိနိုင်ငံ မှာ ရှိတဲ့ ငွေကြေးနဲ့ဆို လုံလောက်ပါတယ်။ နိုင်ငံတကာမှာလဲ ဒီလိုပါပဲ။ FEC လိုငွေကြေးမျိုး က မြန်မာနိုင်ငံမှာပဲရှိ တာပါ။ ဟိုအရင်တုန်းကတည်းက ပြန်ရုပ်သိမ်းသင့်တာပါ"ဟု ဒေါ်တိုးနန္ဒာတင် (ရေထွက်ပစ္စည်းနှင့် ပို့ကုန် လုပ်ငန်းရှင်) ကပြောသည်။
မတ်လ (၂၀)ရက်နေ့ ငွေကြေးလဲလှယ်မှုဈေးကွက်အတွင်း၌ အမေရိကန်တစ်ဒေါ်လာနှင့် FEC တစ်ယူနစ်လျှင် ၈၇၈ကျပ်နှင့် ၈၈၆ ကျပ်ဝန်းကျင် ပေါက်ရှိနေသည်။
ယမင်း (မြစ်မခ)

No comments:

Post a Comment

My Blog List