
၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဇန်န၀ါရီလအတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်စဉ် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီးများကျရောက်ကာ လေကြောင်းတိုက်ခဲ့မှုများသည်လည်း လိုင်ဇာ မြို့အနီးသို့ ရောက်ရှိခဲ့သည်။
လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ထိုဒုက္ခသည် စခန်းများ တွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ကုလသမဂ္ဂမှ အကူအညီများ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အစားအသောက်နှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် လုံခြုံသော အဆောက် အအုံများ လိုအပ်လျက်ရှိနေသေးသည်။
လိုင်ဇာမြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက်ကတည်းက ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သော အဖွဲ့သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာ လမ်းအတိုင်း လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
လိုင်ဇာမြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ငြိမ်းချမ်းရေးအတွက် သွားရောက်သော ပန်းရဲလမ်းငြိမ်းချမ်းရေးအဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရတပ်များ တပ်စွဲထားရာ လဂျားယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာမြို့သို့ အသီးသီး ရောက်ရှိ ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖြတ်သန်းရာတွင် လဂျားယန်ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရတပ်က ကူညီပေး ခဲ့ပြီး မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ဘုန်းတော်ကြီးများပါ ပါဝင်ရာ ဘုန်းတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်ပြီး လမ်းလျှောက်အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေးခဲ့ကြောင်း သတင်း ရရှိ သည်။
မတ်လ ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံးအနေဖြင့် တပ်ဘက် ဆိုင်ရာများကို ဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေးရသည်အထိဆောင်ရွက် ရန် သဘောတူညီခဲ့ကြသည်။ ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲများ လျော့နည်း သွားပြီဆိုသော် လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံလွယ်ယာဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal
No comments:
Post a Comment