Thursday, March 21, 2013

ရဲဆေးစာ အချိန်မီမရသော်လည်း ဆေးရုံများသို့ တက်ရောက်၍ အရေးပေါ်ကုသနိုင်

မော်တော်ယာဉ်တိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှုများအား ပြစ်မှုဆိုင်ရာဥပဒေပါ ရဲအရေးယူခွင့်‌ရှိ သည့် ပြစ်မှုတွင် အကျုံးဝင်သည့် ထိခိုက်ဒဏ်ရာရသူများအတွက် ရဲဆေးစာအချိန်မီမရလျှင်လည်း လူနာအသက် မဆုံးရှုံးစေရေး   ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ အချိန်မဆိုင်းဘဲ ပို့ဆောင် ကုသပေးရန် လိုအပ်ကြောင်းဥပဒေပညာရှင် များနှင့်ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ကြသည်။
“ယာဉ်တိုက်မှုလိုမျိုး ထိခိုက်ဒဏ်ရာရရင် ရဲစခန်းတို့ ယာဉ်ထိန်းရဲတို့ကို စောင့်မနေပဲ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအရေးပေါ်ဌာနကိုခေါ်လာလို့ ရပါတယ်၊ ဒီမှာက မှုခင်းရဲတွေ အချိန်ပြည့် ရှိနေပြီး ဆောင်ရွက်ပေး ပါတယ်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်သူအများစုမှာ ယာဉ်မတော်တဆဖြစ်ပွားပါက သက်ဆိုင်ရာ ယာဉ်ထိန်းရဲအား စောင့်ဆိုင်းခြင်း၊ ရဲတပ်ဖွဲ့ဝင် များအား ရဲဆေးစာရရှိရန် စောင့်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးရုံသို့ အချိန်မီ မရောက်ရှိနိုင် ပဲ သေဆုံးရသည့်အဖြစ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပါက ဘေးပတ်ဝန်းကျင်မှသူများမှာ အမှု၌ ပါဝင်ပတ်သက်မည်ကို စိုးရိမ် စိတ် ဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီရမည်ကို တွန့်ဆုတ်လေ့ရှိသည်ဟု မတ်လ(၁၇)ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သောယာဉ်တိုက်မှုတစ်ခုတွင် မျက်မြင်သက်သေ ဦးထွန်းထွန်းဦး က ပြော သည်။‘ကျွန်တော်မရောက်ခင် နာရီဝက်နီးပါလောက်က တိုက်ထားတာ၊ စောစောက လူတစ်ယောက်က ပုဆိုးကိုရေစွတ်ပြီး သွေးသုတ်ပေးဖို့လုပ်တော့၊ ဘေးကလူက မင်းအမှုပါတ်မယ်လို့ပြောတယ်၊ ဒါနဲ့သူလည်း လုပ်မပေး ရဲတော့ဘူး၊ တာဝန်ရှိသူတွေ အချိန်မှီရောက် မလာတော့ သွေးလွန်ပြီး လူနာလည်းသေနိုင်တယ်၊ တိုက်တဲ့ကားသမားလည်း ယာဉ်တိုက်မှုကနေလူသေမှုအထိ နှစ်မှုဖြစ်သွားတာပေါ့ဟု ယာဉ်တိုက်မှုတစ်ခု တွင် မျက်မြင်သက်သေတစ်ဦးဖြစ်သော ဦးထွန်းထွန်းဦးက ဆိုသည်။
ယဉ်မတော်တဆဖြစ်ပွားမှု၌ ပါဝင်ကူညီလိုသူများမှာ ငွေကုန်၊ အချိန်ကုန်သောကြောင့် လူအများစုမှာ အကူအညီ ပေးရမည်ကို ၀န်လေးနေခြင်းဖြစ်ကြောင်း အဌားကားမောင်းသူ ဦးသိန်းအောင်က ဆိုသည်။
ကျွန်တော်တို့ကားနဲ့ လိုက်ပို့ရင် စစ်ချက်ရေးဖို့ ဆိုပြီးခေါ်ထားတာ တော်တော်နဲ့မပြန်ရဘူး၊ ကျွန်တော်တိုက အချိန်နဲ့ အလုပ်လုပ်ရတဲ့လူတွေဆိုတော့ ဒုက္ခရောက်တာပေါ့၊ တခါတလေ ဒါနဲ့မပြီးဘူး ရုံးချိန်းလည်းသွား ရသေး တော့ ငွေကုန်လည်းကုန်ပြီး လူပါ ပင်ပန်းတယ် မကူညီချင်လိုတော့ မဟုတ်ပါဘူး စားဝတ်နေရေးက ရှိသေး တယ်လေ ဟု အဌားကားမောင်းသူ ဦးသိန်းအောင်က ဆိုသည်။
မတ်လတတိယပတ်အတွင်းကပြုလုပ်သော  ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး၌ ကန်ပက်လက် မဲဆန္ဒနယ်၊ သူရဦးအောင်ကိုက မြန်မာနိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွား နေသော ယာဉ်မတော်တဆမှု၊ ထိခိုက်မှုအပါ အဝင် အခြားမတော်တဆဖြစ်ပွားမှုများကြောင့်လည်းကောင်း၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် လည်းကောင်း ရရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် ပြဋ္ဌာန်းချက် များ မရှိသေးပါက လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ထုတ်ပြန်ပေးရေးအတွက် အရေးကြီး အဆိုအဖြစ် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါအရေးကြီးအဆိုနှင့်ပတ်သက်၍ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း မော်တော် ယာဉ်တိုက်ခိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှုများမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပါ ရဲအရေးယူပိုင်ခွင့်‌ရှိ တဲ့ ပြစ်မှုတွင်  အကျုံးဝင်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို ဆေးရုံမှာ ဆေးကုသမှုခံယူရာမှာ သက် ဆိုင်ရာရဲစခန်း၏ ပြစ်မှုနှင့်သက်ဆိုင်တဲ့ ဆေးစာပါရှိမှသာ ဆေးရုံက လက်ခံ ကုသပေးနိုင်သည်ဟု သာမန် အားဖြင့် နားလည် နေကြကြောင်း၊ အမှန်မှာ ရဲဆေးစာ အချိန်မီမရောက်လည်း အရေးပေါ်ကုသပေးရန် လိုအပ်ပါက ဆေးရုံများမှ အမြန်ဆုံးကုသပေးရန် လိုအပ်ကြောင်း ပြည်သူများသာမက ဆေးရုံများကပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အလားတူ ပြစ်မှုနှင့်‌ အကျုံးဝင်တဲ့ ထိခိုက်ဒဏ်ရာလူနာများကို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ အနေဖြင့် လည်း ကုသခွင့်မရှိဘူးဟု နားလည်နေကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဆ)မှာ မည်သည့် အရေးပေါ်လူနာကိုမဆို အသက်ကယ်လုပ်ငန်းများ ဆောင်ရွက် ကုသပေးခြင်းနှင့် လိုအပ်ပါ က ညွှန်းပို့ခြင်းဆိုတာ ပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့် အဆိုပါအချက်ကို လည်း  ပုဂ္ဂိုလ်ကဆေးရုံများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းခွဲပေါင်း ၃၃၀ ၀န်းကျင်ရှိနေကြောင်းနှင့် လိုအပ်သည့် အချိန် ၌ခေါ်ယူနိုင်ကြောင်းရှေးဦးသူနာပြုစုနည်းဖြင့်ကုသ၍အမြန်ဆုံးဆေးရုံသွားနိုင်ရန်အကူအညီပေးနေကြောင်း ကိုလည်း သိရသည်။
မြို့နယ်တိုင်းနီးပါးမှာ ကြက်ခြေနီအသင်းတွေရှိပါတယ်၊လိုအပ်ရင်နီးစပ်ရာမြို့နယ်က ကြက်ခြေနီအသင်းကို အကြောင်းကြားနိုင်ပါတယ်၊ လူနာရှိတဲ့နေရာကို အမြန်ဆုံးရောက်အောင် သွားပြီး ပြုစုပေးပါတယ်၊ဒါပေမယ့် ကျွန်မတို့မှာ လူနာတင်ယာဉ်မရှိတဲ့အတွက် ဆေးရုံပို့ဖို့ကိုတော့ အခက်အခဲရှိတယ်၊ကျွန်မတို့  ကြက်ခြေနီ အသင်း ဆေးရုံပို့ပေးတဲ့အခါမှာ ရဲဆေးစာကို စောင့်စရာမလိုပါဘူးဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ထက်ထက်(မြစ်မခ)

No comments:

Post a Comment

My Blog List