Saturday, April 18, 2015

ဘယ်သူ့အတွက် သပိတ်မှောက်မှာလဲ


ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်း ဌာနနှင့်တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် နည်းလမ်းကို ပစ်ပယ်ထားခြင်းမရှိ လိုအပ်ပါက သုံးကောင်းသုံးနိုင်သည်ဟု ကမ္ဘာသိပြောကြားလိုက်သံကို ကြားရသောအခါ ကျွန်တော်သည် ခေါင်းနားပန်းကြီးသွား၏။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မြန်မာ့နိုင်ငံရေးအခြေအနေများသည် ကျွန်တော့်မှတ်ဥာဏ်တံခါးကို တဒုန်းဒုန်း လာရောက်ထုနှက်ကြသလို ရှိပေသည်။ နိုင်ငံရေးသည် ရှုပ်ထွေး၏။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်ဟု ပြောလေ့ရှိကြသည်။

သို့သော် မည်သည့်အရာမဆို အကြောင်း မသိခင်သာ ရှုပ်ထွေးနေကောင်းနေမည်၊ အကြောင်းသိက ရှင်း ရှင်းလေးပင်။ ရယ်လေးတဗတီးသီအိုရီကို အိုင်စတိုင်းကဲ့သို့ လုံးစေ့ပတ်စေ့ နားလည်သူ ကမ္ဘာပေါ်တွင် လူအနည်းငယ်သာရှိနိုင်သော်လည်း ဟီရိုရှီးမားကို အဏုမြူဗုံးတလုံးချလိုက်သောအခါ လူတွေမရေတွက်နိုင်
အောင် သေကျေ ပျက်စီးရသည်။ သေကျေပျက်စီးလိမ့်မည်ဆိုတာလောက်ကတော့ အင်မတန်ရှင်း လင်းသော သဘောဖြစ်သည်။

ထို့ကြောင့်နိုင်ငံရေးသည် အင်မတန်ရှုပ်ထွေးသည်ဟုဆိုလာသူ အပေါင်းကိုလည်း ရှုပ်သောအမြင်နှင့်ကြည့် လျှင် ၀င်္ကပါထဲသို့ မျက်မမြင်နှစ်ယောက် လမ်းမလျှောက်နိုင်သော ဒုက္ခိတကိုအဖော်ပြုကာ ညသန်းခေါင်တွင် ထွက်လမ်းရှာကြပုံနှင့်တူသည်။ သူတို့၏ အရှုပ်ထုပ်ကား ဘယ်သောအခါမှ ဆုံးနိုင်ဖွယ်မမြင်။ ရှင်းသော အမြင်နှင့်ကြည့်ပါလျှင်လည်း နိုင်ငံရေးဆိုသည်မှာ ချစ်တီးခေါင်းပေါ် ပိတုန်းနားသလို ပြောင်လျက်ဝင်းလျက် ရှင်းနေ လျက်ပင် ရှိချေ၏။

ကျွန်တော်သည် နိုင်ငံရေးသုခမိန် တ ယောက်မဟုတ်မူဘဲ သာမန်ပြည်သူထဲမှ ပြည်သူတယောက်ပင်ဖြစ် ရာ ဒုတိယအမြင်ဖြစ်သော ရှင်း သောအမြင်ဖြင့်သာကြည့်ပါမည်။ ထိုသို့သော ရှင်းသောအမြင်ဖြင့်ကြည့်ရာ သပိတ်မှောက်ခြင်းသည် ကောင်းကျိုးးထက် ဆိုးကျိုးများသည်ကိုတွေ့ရပေ၏။ အဘယ်ကြောင့်နည်း ။ ဆက် ပါမည်။

နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။ နိုင်ငံရေးဆိုသည်မှာ တိုင်းသူပြည်သား လူအများကောင်းကျိုးကိုဆောင် ရွက်ခြင်းသည် နိုင်ငံရေးမည်ပေ၏။ ဘယ်လိုအခြေအနေတွင် ဆောင်ရွက်နိုင်သနည်း။ လုပ်ပိုင်ခွင့်အာဏာ လက်ထဲသို့ရောက်လာသောအခါ ပြည်သူလူထုအကျိုးကို(ဆန္ဒရှိက) ပို၍ထိထိရောက်ရောက် ဆောင် ရွက်နိုင်၏။ မြန်မာပြည် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များသည် မြန်မာပြည်သူလူထုကိုချစ်ရာတွင် အာဏာရပါတီ၊ အစိုးရခေါင်း ဆောင်များထက်မနိမ့်ကြောင်း သူတို့ကိုယ်ရည်ကိုယ်သွေးကိုကြည့်၍ သိနိုင် ပါသည်။ သခင်စိုး၊ သခင် သန်းထွန်းတို့သည် လူညံ့များမဟုတ်။ တိုင်းပြည်ကို ချစ်သူများပင် ဖြစ်သည်။ သို့သော် သူတို့သည် တိုင်းပြည်အကျိုး၊ နိုင်ငံသားများအကျိုး ထိထိရောက်ရောက်ဆောင်ရွက်ခွင့် မရ။ ထောင်ထဲမှာ၊ တောထဲမှာပဲ သူတို့ဘ၀အချိန်တော်တော်များများကို ကုန်လွန်စေခဲ့ရသည်။ အာဏာ ရအောင်ဆောင်ရွက်နိုင် စွမ်း(အစိုးရဖွဲ့နိုင်စွမ်း)မရှိသဖြင့် နိုင်ငံရေးတွင်ကျဆုံး ခဲ့ရသည်။ 

အင်မတန်ကြီးမားသော ပါတီကြီးတခု ဘ၀မှ နှစ်ပေါင်း ၇၀ ကျော်တွင် ကျီးနှင့်ဖုတ်ဖုတ်သာ ကျန်တော့သော အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာ အာဏာရရေးသည် အရေးကြီးသည် ။ အာဏာလက်ထဲရောက်မှ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့စောင့်ရှောက်နိုင်မည်။ မိမိအစိုးရဖြစ်မှ ယခင်အစိုးရအမှားများကို ဆောင်ရွက်နိုင်မည်။ ကွန်မြူနစ်ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက် ကာ ဘေးထွက်ထိုင်နေခြင်းဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဝယ် အဓိကအခန်းကဏ္ဍမှပါဝင်ခွင့်ကိုလက်လွတ်ဆုံး ရှုံးခဲ့ရသည်။

သပိတ်မှောက်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခြင်းဖြစ်သည်။ ထိုသို့ ရပ်ဆိုင်းခြင်းကြောင့် မည်သူရှုံးမလဲ တွက်ရပေမည်။ အမြတ်အရှုံးကို ဈေးတွက် တွက်ရပေမည်။ ထိုအခါ အစိုးရ၊ တပ်မတော်၊ ပါတီ၊ ပြည်သူလူထုဟူ၍ ကောင်း ကျိုးဆိုးကျိုးးခံကြရမည့်အဖွဲ့လေးဖွဲ့ကို ဇယားချကြည့်ပါက အောက်ပါ အတိုင်း တွေ့ရလိမ့်မည်။

(အစိုးရ)
ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် မပါဝင်တော့ဘူး၊ ဘေးထွက် ထိုင်နေမည်၊ သပိတ်မှောက်မည်ဆိုလျှင် နိုင်ငံတကာတွင် နာမည်ကောင်းရနေသော ဦးသိန်းစိန်အစိုးရ မျက်နှာပူစရာ နည်းနည်းတော့ ဖြစ်မည်။ အမေရိကန်၊ ဥရောပသမဂ္ဂစသော အဖွဲ့များနှင့်ဆက်ဆံရာတွင် ထိုနိုင်ငံများက မူဝါဒ နည်းနည်းပါးပါးပြောင်း စရာရှိသည်။ မပြောင်းလဲဘဲ ယခုအတိုင်းဆက်သွားချင်လဲသွားမည်။ အစိုးရ အတွက် ပြုတ်ကျစေလောက်အောင် ကြီးမားသော အပြောင်းအလဲကြီးများဖြစ်လာ နိုင်မည်မဟုတ်။ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ လက်လွန်နေခဲ့ပြီးဖြစ်ရာ ယခင်လို စီးပွားရေးပိတ်ပင်မှုများ၊ Sanction များ ဖြစ်ပေါ်လာနိုင်မည်မဟုတ်။ အစိုးရ၏နိုင်ငံရေးလူရာ ၀င်မှုကိုသာ နည်းနည်းပါးပါး ထိခိုက်မည်ဖြစ်သည်။ ထိုသို့ နိုင်ငံရေးလူရာမ၀င်မှုသည် ယခင်စစ်အစိုးရ လက်ထက်ကဲ့ သို့ ပြင်းထန်သောဆန့်ကျင်မှုများ ဖြစ်လာမည်မဟုတ်။ အစိုးရသည် သူတို့ကိုပြစ်တင်ရှုတ်ချခြင်းကို ယခင် စစ်အစိုးရလက်ထက်ကပင် နှစ်ရှည်လများခံလာခဲ့သူများပီပီ အရေထူနေပြီဖြစ်၍ ထူးပြီး ရှက်ရွံ့နေမည် မဟုတ်။ အစိုးရအတွက် NLD ရွေး ကောက်ပွဲသပိတ်မှောက်ခြင်းကို စိတ်ထဲမှကြိတ်၍ ၀မ်းသာနေပေ လိမ့်မည်။ NLD ၀င်ရောက်ယှဉ်ပြိုင်လျှင် ကြံ့ခိုင်ရေးပါတီအနိုင်ရဖို့ မဖြစ်နိုင်သလောက်ရှိသဖြင့် အနိုင်ရ ချင်သော ကြံ့ခိုင်ရေးပါတီသည် အချိုးကျကိုယ်စားပြုစနစ်ကို အပန်းတကြီး တီထွင်နေရသည်ဖြစ် ရာ NLD မပါပါက အချိုးကျကိုယ်စားပြုစနစ်(PR)ကိုပင် အကူအညီခေါ်စရာမလိုတော့ဘဲ ၂၀၁၅ တွင် ၂၀၁၀ လို သက်သက်သာသာ အောင်ပွဲခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် NLD ၏ သပိတ်မှောက်ရန် ခြိမ်းခြောက်မှုသည် အစိုးရနှင့် ကြံ့ခိုင်ရေးပါတီအတွက် ပျားသကာလို ချိုမြိန်လှသော စကားများဖြစ်သည်။ 

မိန်းကလေးတယောက်ကို လူနှစ်ယောက်အပြိုင် ပိုးပန်းနေကြရာ လူကောင်းကို မိန်းကလေးက မေတ္တာရှိနေ ၏။ သို့သော် ကောက်ကာငင်ကာပင် လူကောင်း က ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက်ပြီး သေ ပါတော့မယ်ဟု ကြေညာခဲ့လျှင် လူကြားကောင်းအောင် လူဆိုးက တားမြစ်မည်ဖြစ်သော်လည်း လက်တွေ့ တွင်တော့ အဆိပ်ခွက်ကို ပြိုင်ဘက်ရှေ့သို့သယ်လာကာ နှုတ်ခမ်းတွင်တေ့ပေးမည်ဖြစ်သည် ။ ရွေးကောက် ပွဲကိုသပိတ်မှောက်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းလို ကိုယ့်အတွက်ရော (ပြည်သူလူထုနှင့် တူသော) မိန်းကလေးအတွက်ရော အကျိုးမရှိ၊ ပြိုင်ဘက်ကိုသာအကျိုးရှိစေသော လုပ်ရပ်ဖြစ်သည်။ 


လက်ရှိ အစိုးရသည် NLD သပိတ်မှောက်ရေးလမ်းကြောင်း အတည်ဖြစ်အောင် မသိမသာလမ်းစဉ် ချ ဖော်ဆောင်ပေလိမ့်မည်။ NLD မပါသောရွေးကောက်ပွဲ ဖြစ်လာခဲ့မည်ဆိုလျှင် လက်ခမောင်းခတ်မည့်သူ များမှာ USDP ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီသာဖြစ်ပေလိမ့်မည်။

(တပ်မတော်)
တပ်မတော်သည် NLD ရွေးကောက်ပွဲတွင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လွှတ်တော်တွင်တပ်မတော် သားကိုယ်စားလှယ် ၂၅% ရရှိထားမှုကတော့ ပြောင်းလဲမည်မဟုတ်ပေ။

NLD ကိုယ်စားလှယ်များ လွှတ်တော်ထဲမှာမရှိလျှင် တပ်မတော်အတွက် အားသာချက်တခုမှာ ပြည်ထောင် စုလွှတ်တော်မှ သမ္မတရွေးချယ်ရာတွင် တပ်မတော်မှ အဆိုတင်သွင်းသူတဦးသည် သမ္မတဖြစ်လာနိုင်ပါ သည်။ ထိုအခြေအနေဖြစ် လာပါက တပ်မှ သက်ပြည့်ပင်စင်နှင့် အနားယူအံ့ဆဲဆဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် တကျော့ပြန်၍ အုပ်ချုပ်သူအဖြစ် နိုင်ငံရေးနယ်ပယ် သို့ ရောက်လာနိုင်သေးသည်။ NLD သပိတ်မှောက်ခြင်းကြောင့် တပ်မတော်အတွက် အနှောင့်အယှက် မရှိ ရုံသာမက အကျိုးပင်ရှိနိုင်သေးသည်။

(NLD ပါတီ)
NLD ပါတီသည် ပြည်သူအများစု ထောက်ခံသောပါတီဖြစ်၏။ ထိုအကြောင်းကို ၁၉၉၀ ရွေးကောက်ပွဲတွင် တခါ၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်တခါ ပြည်သူလူထုသည် သက်သေပြခဲ့ပြီးဖြစ်၏။ NLD သာ ၀င်ပြိုင်လျှင် တိုင်းရင်းသားဒေသအနည်းငယ်မှတပါး တပြည်လုံးတွင် ပြတ်ပြတ်သားသား အနိုင်ရဦးမည်ဖြစ် သည်။ NLD တွင် ဗိုလ်ချုပ် အောင်ဆန်းမျက်နှာ၊ ဒေါ်အောင်ဆန်းစုကြည်မျက်နှာ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးအတွက် အသက်ပေးတိုက်ပွဲဝင်သွားသူများ၏ မျက်နှာရှိပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ အရေးတော်ပုံကြီးတွင် စတင်သန္ဓေတည်ပြီး ၁၉၉၀ တွင် ပေါက်ဖွားလာခဲ့သည့် ပြည်သူအခြေပြု နိုင်ငံရေးပါတီကြီးဖြစ်သည်။ ထိုပါတီသည် စတင်တည် ထောင်သည်မှ ယခု ၂၅ နှစ်ကြာခဲ့သည်အထိ တခါ မှအာဏာမရခဲ့၊ အစိုးရမဖွဲ့နိုင်ခဲ့ပေ။ စတင်တည်ထောင်စဉ်ကတည်းက အဖိနှိပ်ခံ၊ အနိုင်ခံ၊ ဖိအားပေးခံနိုင် ငံရေးပါတီအဖြစ်နှင့် ရပ်တည်ခဲ့ရသည်။ ယခုအချိန်သည် ပြည်သူလူထု၏ မျှော်လင့်ချက်ရေချိန် အမြင့် ဆုံးနှင့် နောက်ဆုံးမျှော်လင့်ချက်ထားနေကြချိန်ဖြစ်သည်။ ထိုအချိန်တွင် အာဏာကို လက်ဝယ်ပိုင်ပိုင်ရ ယူနိုင်ဖို့ ကြိုးစားသင့်ပေသည်။

ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ၂၅ နှစ်အတွင်း ပထမဆုံး အစိုးရဖွဲ့နိုင်ဖို့ ကြိုးစားရမည်ဖြစ်သည်။ နိုင် ငံရေးတွင် ၁၀၀ ရာခိုင်နှုန်း မည်သူမှ ကိုယ်လိုချင်တာရရိုးထုံးစံမရှိပေ။ NLD ၏ အနီးကပ်ဆုံးရည်မှန်းချက် မှာ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ပြီး ပြည်သူလူထုကို ကိုယ်စားပြုကာအစိုးရဖွဲ့ဖို့ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်ကို မတရားတားဆီးထားသော ပုဒ် မဖြစ်ကြောင်း ကျွန်တော်တို့ သိပါသည်။ ကမ္ဘာကလည်း သိသည်။ သို့သော် အိပ်ချင်ယောင်ဆောင်နေသူကို နှိုး၍ မရ၊ မပြင်ချင်၍ဝေ့လည်ကြောင်ပတ်လုပ်နေသော အစိုးရနှင့်တပ်မတော်ကို ကိုယ်လိုချင်တာ မရမချင်း ထိုင်စောင့်နေ၍မရ။ လုပ်စရရှိတာ ဆက်လုပ်ရပေမည်။ ကုန်ကုန်ပြောရလျှင် ၅၉(စ)ကို ပြင်မပေးသော်မှ NLD သည် ရွေးကောက်ပွဲကို ၀င်ပြိုင်ရမည်။ လူပုဂ္ဂိုလ်တယောက်အကျိုးနှင့် ပါတီအကျိုးယှဉ်လာလျှင် ပါတီ အကျိုးကို ဦးစားပေးရမည်။ ပါတီအကျိုးနှင့် တိုင်းပြည်အကျိုးယှဉ်လာလျှင် တိုင်းပြည်အကျိုးကိုဦးစားပေးရမည် ဆိုသည့် သဘောတရားကို အားလုံးသိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတော်၏သမ္မတ အဖြစ်မြင်လိုခြင်းသည် တကမ္ဘာလုံး၏ ဆန္ဒဖြစ်ပါ၏။ မြန်မာပြည်သူပြည်သား အများစု၏ဆန္ဒဖြစ်ပါ၏။ကျွန်ုပ် ၏ဆန္ဒလည်း ဖြစ်ပါ၏။ 

သို့သော် NLD သည် Plan B ရှိသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်တော့လျှင် ပါတီမှ မည် သူ့ကို သမ္မတလောင်းအဖြစ်ရွေးချယ်၍ အစိုးရဖွဲ့မည်ဟူသော ပြတ်သားသည့်မူဝါဒ ရှိသင့်သည် ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားသဖြင့် တရားမျှတမှုမရှိဟု ဆုံးဖြတ်ပြီး ရွေးကောက်ပွဲသပိတ်မှောက်မည်ဆိုပါက Plan A ကိုသာ အသေဖက်တွယ်ထားသော အပြောင်း အလဲမလုပ်နိုင်သည့်ပါတီ ဖြစ်သွားလိမ့်မည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည်လည်း ဤနည်းနှင်နှင်ဖြစ်သည်။ပြည်သူလူထု ၅ သန်းက ပြင်ချင်သည်ဟု လက်မှတ်ရေးထိုးကာ လွှတ်တော်သို့ပို့သည်။ လွှတ်တော်က အရေးမကြီးသယောင်ပြုမူကာ ခပ်မဆိတ်နေ သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းရှိသဖြင့် ကျန်တဲ့သူတွေသဘောထားကိုလည်း ငဲ့ရဦးမည် ဟု ကာကွယ်ရေးဦးစီးချုပ်က အကြောင်းပြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပုဒ်မ ၄၃၆ သည် အခေါင်အထွဋ်ဖြစ်သည်။ ဤပုဒ်မကိုလည်း တပ်မတော်၊ လက်ရှိအစိုးရ၊ ကြံ့ခိုင်ရေးပါတီမှ မပြင်ဆင်ချင်။ သူတို့ဘ၀အနာဂတ်အတွက် ရေပက်မ၀င်အောင် ကာရံထားသောတံတိုင်းကြီးကို သူတို့နည်း နည်းပါး ပါးပင် ပြင်မပေးချင်။ ပြင်နိုင်လျှင် ပိုကောင်းမည်ဟု ကျွန်တော်တို့ပြည်သူတွေကလည်း သဘောပေါက်သည် ။ ပြင်စေချင်သည်။ သို့သော် မပြင်ပေးပါက ဘာလုပ်မည်နည်း။ လာပြန်ပြီ Plan B ခေါ် ဒုတိယအစီအစဉ် ။ ရွေးကောက်ပွဲသပိတ်မှောက်သော ၂၀၁၀ ကလို အစီအစဉ်မျိုးထက် NLD ကို ပိုပြီးမျှော်လင့်မိသည်။ သပိတ်မှောက်ခြင်းလက်နက်ကို ၂၀၁၀ ရွေးကောက်ပွဲတွင်ကိုင်စွဲခဲ့ရာ တိုင်းပြည်နှင့်လူမျိုးအတွက် ဘာတွေ ထူးထူးခြားခြား ရရှိခဲ့သလဲ။ မှန်ရာကိုပြောရလျှင် လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအမတ်တွေ အများစုဖြစ်သွား တာပဲ အဖတ်တင်သည်။ လူတွေသည် ဘယ်သူ့ကို မဲပေးရမှန်းမသိအောင်ဖြစ်ကုန်တာပဲ အဖတ်တင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD သပိတ်မှောက်မှုကြောင့် ပါတီအတွက်ရော၊ ပြည်သူလူထုအတွက်ပါ ထိရောက်သော အကျိုးကျေးဇူးသည်မရှိ။ 

ထိုလမ်းစဉ်ကို ဆက်လိုက်ကောင်းလိုက်မည်ဟု ကြေညာလိုက်ခြင်းသည် အစိုးရ၏ ခြောက်ပွင့်ဆိုင်တွေ့ ဆုံပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှောင့်နှေးမှုကို တပ်လှန့်နှိုးဆော်လိုက်သည့် ခြိမ်းခြောက်ချက် တရပ်သာ ဖြစ်ပါစေဟု မျှော်လင့်မိပါသည်။ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းသည် NLD ပါတီကို နိုင်ငံရေး ဂုဏ်သိက္ခာတက်စေသည်ဟု အချို့သူများက ဆိုကောင်းဆိုပေမည်။ ဤသို့ဆုံးဖြတ်ပါက ပါတီအတွက် Hero ဆန်သောအပြုအမူအဖြစ် လက်ခုပ်တီးသူရှိကောင်း ရှိမည်။ တိုင်းပြည်အတွက်တော့မကောင်းဟုပြော ချင်သည်။ ကိုယ့်အပေါ်မကောင်းသည့်သူများလက်ထက်တွင် နောက်ထပ်ငါးနှစ်နေလိုက်ဦးဟု ပြည်သူလူထု ကို ပြောသလိုရှိသည်။ ၂၀၁၀ တုန်းကလည်း ဤသို့ ခံစားခဲ့ရပြီးပါပြီ။

(ပြည်သူလူထု)
NLD ရွေးကောက်ပွဲကို သပိတ်မှောက်လျှင် ပြည်သူလူထုအတွက် ဘာအကျိုးရှိနိုင်မည်ကို သုံးသပ်ကြည့် မိ၏။ ထိုအခါ အောက်ပါ အချက်များသာ ဆက်လက်ဖြစ်ပေါ်နေပေလိမ့်မည်။
(၁) ယခင်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နောက်သက်တမ်းတခု အာဏာဆက်လက်တည်မြဲနေပေလိမ့်မည်။
(၂) တပ်မတော်လူထွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ဆက်လက်အာဏာရနေမည်။
(၃) အရပ်ဘက်ကဆောင်ရွက်၍ရသော ၀န်ကြီးဌာနများ(ဥပမာ စီးပွားကူးသန်း၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ စက်မှု၊ သစ်တော၊ ပြန်ကြားရေး၊ သတ္တုတွင်း၊ လယ်ယာဆည်မြောင်း၊ သမ၀ါယမ၊ နိုင် ငံခြားရေး)တွင် တပ်မတော်မှလာသော ၀န်ကြီးများသာ ဆက်လက်တွင်ကျယ်နေပြီး မှားယွင်းသောစီမံ ခန့်ခွဲမှုများ ဆက်လက်ဖြစ်ပေါ်နေမည်။
(၄) ၀န်ကြီးများနှင့်ရင်းနှီးသော ခရိုနီတစုသာ စီးပွားရေးလုပ်ကွက်များ အထပ်ထပ်အခါခါရရှိပြီး ပြည်သူ လူထုမှာ မွဲပြီးရင်းမွဲရင်းရှိနေမည်။
(၅) အုပ်ချုပ်ရေးက၊ တရားစီရင်ရေးကိုဆက်လက် ကြိုးကိုင် ချယ်လှယ်မည်ဖြစ်သဖြင့် ဥပဒေသည် ပြည်သူ လူထုကိုအကာအကွယ် ပေးနိုင်ခြင်းမရှိဘဲနေမည်။
(၆) ၀န်ထမ်းများသည် ယခင်အတိုင်း မလုပ်မရှုပ်မပြုတ်မူဝါဒဖြင့် တိုင်းပြည်လုပ်ခလစာကို ညာဝါးရယူကြ လိမ့်မည်။

အကယ်၍ NLD ၀င်ပြိုင်သဖြင့် ရွေးကောက်ပွဲနိုင်ကာ အစိုးရဖွဲ့နိုင်ခဲ့လျှင် ၅၉(စ)၊ ပုဒ်မ ၄၃၆ တို့မပြင်ပေး သည့်တိုင် အောက်ပါကောင်းကျိုးချမ်းသားများကို ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်သည်။

(က) နိုင်ငံတော်သမ္မတ၏လုပ်ပိုင်ခွင့်အရ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက် မှုနှင့် အကျဉ်းကျနေသော ကျောင်းသား၊ ပြည်သူများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်။
(ခ) သမ၀ါယမ၀န်ကြီးဌာနကို ဖျက်သိမ်းပြီး ဥပဒေစိုးမိုးရေးဝန်ကြီးဌာနတခု ထပ်မံတိုးချဲ့ ဖွဲ့စည်းပြီး တရားရုံးများ တရားသူကြီးများကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အသစ်ဖွဲ့လိုက်သော ဥပဒေစိုးမိုးရေး ၀န်ကြီးဌာနအောက်သို့ ပြောင်းလဲ ဖွဲ့စည်းနိုင်သည်။ ထိုအခါ တရားရေးဌာနသည် တပ်မတော်၏ထိမ်းချုပ် မှု(ပြည်ထဲရေးဝန်ကြီးဌာန)အောက်မှ လွတ်ကင်း၍ သမ္မတထိန်းချုပ်မှုအောက် ရောက်လာမည်။ ထိုအခါ တရားသူကြီးများသည် ဘယာဂတိမရှိဘဲ အမှုများကို ဖြောင့်မတ်မှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်မည်။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဌာနတခုကိုလည်း ဥပဒေစိုးမိုးရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့ စည်းနိုင်သည်။
(ဂ) ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များကို သမ္မတကခန့်သဖြင့် ယခင်အစိုးရလက်ထက်လို စစ်ထွက်များ၊ ဗိုလ်ချုပ်ဟောင်းများကိုမခန့်ဘဲ သမာသမတ်ရှိသောဒေသခံများကို ခန့်အပ်လာနိုင်သဖြင့် ပြည် သူလူထုကို ပို၍အကျိုးပြုနိုင်သည်။
(ဃ) ပညာရေးနှင့် ကျန်းမာရေးဘတ်ဂျက်အသုံးစားရိတ်များကို လွှတ်တော်တွင် ပိုမိုတင်ပြတောင်းခံလာနိုင် သည်။ ပြည်သူလူထုပညာတတ်အောင်၊ ဆေးရုံဆေးခန်းများ ပိုမိုဝန်ဆောင်မှပေးနိုင်အောင် ဆောင် ရွက်နိုင်သည်။ အခြားမလိုလားအပ်သောဘတ်ဂျက်များကို ဖြတ်တောက် နိုင်သည်။
(င) အလုပ်သမားဝန်ကြီးကို ပိုမိုကျွမ်းကျင်၍ သမာသမတ်ရှိသူများကို ခန့်ထားခြင်းဖြင့် အလုပ်သမားများ အရှေ့တောင်အာရှအဆင့် ကျွမ်းကျင်မှုနှင့် လုပ်ခလစာရရှိအောင် အစိုးရမှ ကူညီဆောင်ရွက်နိုင်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လုပ်ငန်းမကျွမ်းကျင် စေတနာကင်းမဲ့နေသော မိုးကျရွှေကိုယ်သံအရာရှိများကို ဖယ်ရှားကာ လုပ်ငန်းလည်း ကျွမ်းကျင်၊ စေတနာလည်း ကောင်း၊ ပြည်သူလူထုကို အလုပ်ရှင်ဟု ထင်မြင်ယူ ဆသူများကို ရွေးချယ်ခန့်ထားခြင်းဖြင့် ပြည်ပရောက်မြန်မာများကို ယခုထက်ပိုမိုကူညီနိုင်မည်ဖြစ်သည်။
(စ) ဆင်းရဲသားများအတွက် အိမ်ယာစီမံကိန်းများ နိုင်ငံအနှံ့ ဆောင်ရွက်ကာ ဆင်းရဲသားများကို ကူညီကယ် တင်နိုင်မည်။

အခြားလုပ်နိုင်သော အချက်များစွာလည်း ရှိပါသေးသည်။ ထို့ကြောင့် အခြေအနေတရပ်နှင့်ရင်ဆိုင်လာ ရသောအခါ မကောင်းကွက်ချည်းပဲရှိသည်မဟုတ်၊ ကောင်းကွက်တွေ လုပ်နိုင်တာတွေလည်း ရှိနေပါသေး သည်။ ထို့ကြောင့် NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်တော့မည်ဟု ကြံလျှင် အောက်ပါအတိုင်း နဖူးပေါ်လက်တင် စဉ်းစားခန်းဝင်စေချင်ပါသည်။

သပိတ်မှောက်ခြင်းသည် ငါတို့ပါတီခေါင်းဆောင်အတွက်ဆိုလျှင် မှောက်ချင်မှောက်ပါ။သပိတ်မှောက်ခြင်း သည် ပါတီအတွက်ဆိုလျှင် မှောက်ချင်မှောက်ပါ။

သပိတ်မှောက်ခြင်းသည် အစိုးရပြုတ်ကျအောင် မှောက်မည်ဆိုလျှင် မမှောက်ပါနှင့်။ (ပို၍ပင် အားကောင်း သွားပေမည်)အရေးအကြီးဆုံးမှာ သပိတ်မှောက်ခြင်းသည် ပြည်သူလူထုအတွက်ဆိုလျှင် လုံးဝမမှောက်
ပါနှင့်။ ယခုအစိုးရ ထပ်အုပ်ချုပ်လျှင် ပြည်သူလူထုအများစု ၏ဘ၀သည် မည်သို့မျှ ပိုမိုကောင်းမွန်လာဖွယ် ရာမရှိပါကြောင်း တင်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List