Saturday, April 18, 2015

ဂျပန်အစိုးရကို မြန်မာ ကတိပေး


ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအစိုးရ ကိုယ်စား လှယ်ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ အပစ် အခတ်ရပ်စဲနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အရေးကြီး ဆုံး ကတော့ ဒီမိုကရေစီထူထောင်ရေးအတွက် နိုင် ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးဖြစ်ကြောင်း စသဖြင့် ဂျပန်အစိုးရ ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ အဲ့ဒီလို လမ်းမှန်ပေါ် ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် ဂျပန်နိုင်ငံရဲ့ ဆက် လက် အားပေးကူညီမှုတွေ လိုကြောင်းပြောကြား တယ်လို့ မနေ့ကလာတဲ့ CNA သတင်းမှာဖေါ်ပြထား ပါတယ်။

ဒီအတွင်း ဖေ့စ်ဘုတ်စာမျက်နှာတွေမှာဖေါ်ပြချက်အရ ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဂျပန်နိုင်ငံရောက် မြန် မာနိုင်ငံသားတွေနဲ့လည်း ဧပြီလ ၁၆ ရက်နေ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ကရင် တိုင်းရင်း သား ကိုယ်စားလှယ် ဖထီး စောမျိုးခိုင်ရှင်က ဝန်ကြီးဦးအောင်မင်းကို ကရင်တိုင်းရင်းသားတွေ အပေါ်နှိမ့် ချပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။

"ဦးအောင်မင်းခင်ဗျာ ကျနော်တို့ ကရင်တွေနဲ့တွေ့ပြီးတော့ မီဒီယာတွေကိုပြောသွားပါတယ်၊ ကရင်တွေက ထမင်းငတ်လို့ တော်လှန်ရေးလုပ်တာ ခင်ဗျားအဲ့ဒီစကားကို မြဲမြဲမှတ်ထားပါ၊ လုံးဝဖြေရှင်းပေး ပါ တောင်း ပန်ရမယ်၊ ကရင်လူမျိုးအားလုံးကို တောင်းပန်ရမယ်"

ဒါ့အပြင် စောမျိုးခိုင်ရှင်က အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတကယ်လိုချင်ရင် တိုင်းရင်းသားဒေသတွေက မြန်မာ တပ်ဖွဲ့တွေကို ဖယ်ရှားပေးဖို့လိုကြောင်းလည်း ပြောဆိုပါတယ်။

"ကျတော်တို့ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် အရင်ဆုံးတပ်တွေ ဘာလို့မဆုတ်ဘဲနဲ့ တပ်တွေဘာလို့ပိုချတာလဲ၊ ဒီကိစ္စကို လုံးဝဖြေရှင်းပေးရမယ်၊ ဥပမာ ကရင်ပြည်နယ်မှာ နားလှည့်ပြီးပါးရိုက်သလိုလည်း လုပ်စရာ အကြောင်းမရှိဘူး"

ဝန်ကြီး ဦးအောင်မင်းက သူ့အနေနဲ့ ကရင်တိုင်းရင်းသားတွေကို နှိမ့်ချပြောဆိုခဲ့ဖူးခြင်းမရှိဘူးလို့ တုန့်ပြန်ပြော ကြားပါတယ်။

"ကျနော်တို့ ကရင်လူမျိုးတွေကို လေးစားပါတယ်၊ ကျနော်အခု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါမှာ ကရင်လူမျိုးတွေဟာ ချစ်စရာအကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျနော် ဒီနေရာ ကနေ ပြောချင်ပါတယ်၊ ကရင်တွေ ထမင်းငတ်လို့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာကို ကျနော် သမိုင်း တလျှောက်မှာ တစ်ခါမှမပြောခဲ့ပါဘူး၊ တကယ်လို့ ပြောခဲ့တယ်ရှိရင်လည်း ကျနော်ကိုဒီဥစ္စာကို သက်သေ သာဓကရှာပေးပါ၊ ခင်ဗျားတို့စိတ်ကြိုက် ကျနော်တောင်းပန်ပေးပါ့မယ်"

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ နှစ်ဖက်တပ်ဖွဲ့တွေတပ်စွဲရေးအတွက် လိုက်နာရမယ့် စည်းကမ်း ချက်တွေ ပါရှိကြောင်းလည်း ဦးအောင်မင်းက ပြောပါတယ်။

"ကျနော်တို့ဒီတပ်တွေကိုမဖယ်ပေးဘဲ ငြိမ်းချမ်းရေးလုပ်လို့မရဘူးဆိုတာကျနော်လက်ခံပါတယ်၊ ငြိမ်းချမ်းရေး စာချုပ်ကြီးထဲမှာ တပ်ပိုင်းဆိုင်ရာအတွက် ၄၇ ချက်ပါပါတယ်၊ ၄၇ ချက်ထဲမှာ အဓိက ကျတဲ့အချက်ကို ကျနော်ပြောချင်ပါတယ်၊ ကျနော်တို့ အခုလက်မှတ်ထိုးပြီးတာနဲ့ ကျနော်တို့ တပ်နေ ရာရွေ့ပြောင်းရေးတွေ လုပ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါပါတယ်၊ တပ်နေရာတွေရွေ့ပြောင်းပြီးတဲ့အခါမှာ တစ်ဖက်တပ်များလိုက်နာ ရမယ့် စည်းကမ်းရေးဆွဲထားပြီးဖြစ်ပါတယ်၊ ပြီးတဲ့အခါမှာ တတိယအချက် အနေနဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်း မှာဖြစ်ပါတယ်၊ ၂ ဖက်တပ်များဟာ ထားတဲ့စည်းမျဉ်းတွေ ဥပဒေတွေ အတိုင်း လိုက်နာမှုရှိ မရှိဆိုတာကို စစ်ဆေးသွားမယ့်အဖွဲ့ဖြစ်ပါတယ်၊ အဲ့ဒီစစ်ဆေးမယ့်အဖွဲ့မှာလည်း ဂျပန်နိုင်ငံဟာ အဖွဲ့ဝင်အဖြစ်ပါဝင်မယ် ဆိုတာကို ပြောကြားချင်ပါတယ်"

တဆက်တည်းမှာပဲ ပြည်ပရောက်မြန်မာတချို့ကို အစိုးရက အမည်ပျက်စာရင်းသွင်းထားလို့ မြန် မာပြည်ပြန်ခွင့် မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာတစ်ဦးက မေးမြန်းခဲ့ရာမှာ ထပ်မံစိစစ်ပေးမှာဖြစ်ကြောင်း ဦးအောင်မင်းက ပြော ကြားခဲ့ပါတယ်။

အခုခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးထံ ရေးသားလိုက်တဲ့ စာတစ်စောင်ကို လည်း ဝန်ကြီး ဦးအောင်မင်းက ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒီစာမှာ သမ္မတ ဦသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းမှာဖြစ်ကြောင်းနဲ့ လာမယ့်ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတစွာ ကျင်းပပေးမယ်လို့ ကတိပေးရေးသားထားတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

My Blog List