Saturday, April 18, 2015

ဂူဂယ်ကုမ္ပဏီကို လိမ်လည်မှုဖြင့် အီးယူတရားစွဲ


အင်တာနက်ဈေးဝယ်သူတွေကို လိမ်လည်မှုနဲ့ ဥရောပသမဂ္ဂ (အီးယူ) က ဂူဂယ်နည်းပညာကုမ္ပဏီကို ဧပြီ ၁၆ ရက်နေ့က တရားစွဲလိုက်ပါတယ်။ ဂူဂယ်ကုမ္ပဏီဟာ အင်တာနက် ဈေးဝယ်သူတွေက online ပေါ်မှာ ပစ္စည်းတခုကိုဝယ်ဖို့ ရှာလိုက်ရင် သူရောင်းစေချင်တဲ့၊ သူနဲ့ချိတ်ဆက်ထား တဲ့ပစ္စည်းတွေကို ဦးစားပေး ရှာပေးပြီး ဈေးဝယ်သူတွေကို ၀ယ်စေခဲ့တယ်လို့ စွပ်စွဲခံရတာပါ။
ဒါဟာ လွတ်လပ်မျှတတဲ့ ပြိုင်ဆိုင်မှုကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ပြစ်တင်ခံရပါတယ်။

အီးယူဈေးကွက်ပြိုင်ဆိုင်မှု ကော်မရှင်နာမင်းကြီး မာကရက် ဗတ်စ်တဂါ (Margrethe Vestager)က ဒီအမှု ကိုတုံ့ပြန်ဖို့ ဂူဂယ်ကို ရက်သတ္တပတ် ၁၀ ပတ် အချိန်ပေးထားတယ်လို့ ဆိုပါတယ်။

ဂူဂယ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ဥပေဒကြောင်းအရ ရင်ဆိုင်မယ်လို့ ပြောဆိုပါတယ်။

ဂူဂယ်ရဲ့ Android ဖုန်းတွေမှာ တခါတည်း ထည့်ထားပေးတဲ့ တခြား App တွေနဲ့ ၀န်ဆောင်မှုတွေကိုလည်း စုံစမ်းမယ်လို့ ဗတ်စ်တဂါ က ပြောဆိုပါတယ်။

ဂူဂယ်ရဲ့ပြိုင်ဘက် တခြားကုမ္ပဏီက တိုင်ကြားလာတဲ့ ဂူဂယ်ရဲ့ တခြားလုပ်ဆောင်ချက် တွေကိုလည်း အနီးကပ်စောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။

အခုလိုရုံးတင်တရားစွဲဆိုဖို့ ၅ နှစ်ကြာ အနီးကပ်စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဒီအမှုမှာ ဂူဂယ်ဟာ ယူရိုငွေ ဘီလီယံနဲ့ချီပြီး ဒဏ်တပ်ခံရနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အီးယူနိုင်ငံတွေမှာ အင်တာနက်ရှာဖွေမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဂူဂယ်ကို အသုံးပြုကြတာပါ။

အင်တာနက်နဲ့ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft, Tripadvisor စတဲ့ ကုမ္ပဏီတွေက စွပ်စွဲလို့ ၂၀၁၀ ခုနှစ်ကတည်းက စောင့်ကြည့်လာတယ် လို့လည်း ဥရောပကော်မရှင်က ဆိုပါတယ်။

ဒီတိုင်ကြားမှုတွေထဲမှာ ဂူဂယ်ဟာ အင်တာနက်မှာ အကြောင်းအရာတခုကို ရှာလိုက်ရင် အဲ့ဒီရှာဖွေတဲ့ အကြောင်းအရာထက် သူ့ရဲ့ကြော်ငြာကို ဦးစားပေးပြီး ထိပ်ကတင်တယ်လို့လည်း စွပ်စွဲတိုင်ကြားခံရ ပါတယ်။

DVB

No comments:

Post a Comment

My Blog List