Thursday, June 27, 2013

ဗီအိုအေ တွေ့ဆုံမေးမြန်းခန်းအပေါ် ပြန်လည်ရှင်းလင်းတင်ပြချက်

Thursday, June 27, 2013

ဇူလိုင်လ ၁ ရက်နေ့ ထုတ် တိုင်မ်းမဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲမှုဗဟိုကော်မတီက မြန်မာနိုင်ငံအတွင်း ထုတ်ဝေ ဖြန့်ချိခွင့်ပိတ်ပင်ခဲ့တာနဲ့ ပတ်သက်ပြီး ဇွန် ၂၆ ရက်နေ့ညနေ ဗီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိခိုက်စေတယ်၊ ဒီ ဗဟိုကော်မတီရဲ့ လုပ်ပိုင်ခွင့်မှာ မပါဘူး စသည်ဖြင့် ဆွေးနွေးသွားပါတယ်။

ဗီအိုအေ အနေနဲ့ သူတို့ တင်ချင်တဲ့ အယူအဆ နဲ့ ကိုက်ညီသူ၊ နီးစပ်သူတွေကိုသာ မေးမြန်းသွားပြီး အခြားကွဲပြားတဲ့ အမြင်များကို တော့ မေးမြန်းတင်ဆက်သွားခြင်းမရှိ ပါဘူး။ ဒါ့ကြောင့် ဒီနေရာကနေပဲ ပြန်လည် ဆွေးနွေးလိုပါတယ်။

ဒီတော့ ပထမဆုံးအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပါအ၀င် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အကန့်အသတ်မဲ့ လွတ်လပ်ခွင့်လား၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးတွေမှာ ကန့်သတ်မှုရှိနိုင်သလဲဆိုတာ လေ့လာဖို့ လိုပါတယ်။

ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ လွတ်လပ် စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အခြေခံလူ့အခွင့်အရေးအဖြစ်သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအခွင့်အရေး ကို အကန့်အသတ်မဲ့ရတာမဟုတ်ပါဘူး။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၉ အပိုဒ်ခွဲ (၂) မှာ လူတိုင်းဟာ မိမိရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါ အခြားသူများရဲ့ အခွင့်အရေးကို မထိခိုက်ဖို့ လိုအပ်ကြောင်းနဲ့ အများပြည်သူ ကိုယ်ကျင့်တရား၊ ရပ်ရွာ အေးချမ်းသာယာရေးတို့ကို ကာကွယ်ဖို့ အတွက် ပြဋ္ဌာန်းထားချက်များကိုလည်း လိုက်နာဖို့ လိုအပ်ကြောင်း အတိအလင်း ဖော်ပြထားပါတယ်။ ဒါကို မူရင်းစာသားအတိုင်းဖော်ပြလိုက်ပါတယ် -

In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of others and of meeting the just requirements of morality, public order and the general welfare in a democratic society.

ဒါ့အပြင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတဲ့ International Covenant on Civil and Political Rights , ICCPR ဆိုတာလည်း ရှိပါသေးတယ်။ ဒီ ကွန်ဗင်းရှင်းဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းပါအချက်များအပြင် လူတိုင်းရဲ့ နိုင်ငံရေးအခွင့်အရေးများကို အတိအကျအကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက စာနယ်ဇင်းသမားအများစုက ဒီကွန်ဗင်းကိုလေ့လာ ကိုးကား ရေးသား တာ မတွေ့မိပါဘူး။ အဲဒီ ကွန်ဗင်းရှင်း အပိုဒ် ၁၉ အပိုဒ်ခွဲ ၁ နဲ့ ၂ က လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် ၁၉ ကို ပြန်လည် အတည်ပြုထားတာဖြစ်ပြီး အပိုဒ်ခွဲ ၃ ကတော့ နိုင်ငံသားတစ်ဦးအနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်သိမှုကို ယှဉ်တွဲကျင့်သုံး ရန် လိုအပ်ကြောင်း၊ အဲဒီလို ကျင့်သုံးနိုင်ဖို့အတွက် အများပြည်သူအကျိုးငှာ ကန့်သတ်တားမြစ်မှုတွေ လုပ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ မူရင်းစာသားကအောက်ပါအတိုင်းဖြစ်ပါတယ်-

. The exercise of the rights provided for in paragraph 2 of this article carries with it special duties and responsibilities. It may therefore be subject to certain restrictions, but these shall only be such as are provided by law and are necessary:
(a) For respect of the rights or reputations of others;
(b) For the protection of national security or of public order (ordre public), or of public health or morals.

အဲဒါအပြင် ပုဒ်မ ၂၀ မှာလည်း လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုများကိုဖြစ်ပေါ်စေတဲ့လှုံ့ဆော်မှုများကို ဥပဒေနဲ့ အညီ တားမြစ်ရမယ်လို့ အခုလိုဖော်ပြထားပါတယ်-

Any advocacy of national, racial or religious hatred that constitutes incitement to discrimination, hostility or violence shall be prohibited by law.

အထက်ပါနိုင်ငံတကာစံနှုန်းများကိုကြည့်ရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ အကြွင်းမဲ့လွတ်လပ်ခွင့် မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းအပေါ်မှာ တာဝန်ရှိမှုဆိုတာနဲ့ တွဲနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ဗီအိုအေနဲ့ မေးမြန်းခန်းမှာ အခြားနိုင်ငံတကာမီဒီယာများမှာလည်း ရေးနေတာပဲ တိုင်းမ်မဂ္ဂဇင်းကျမှ ဘာလုပ်ပိတ်ရသလဲ လို့ ဆွေးနွေးထားတာလည်း တွေ့ရပါတယ်။

ဒါကတော့ ရှင်းပါတယ်။ ရေးသားမှုကြောင့် ပြည်သူလူထုအတွင်းမှာ ဖြစ်ပေါ် လာတဲ့ အကျိုးသက်ရောက်မှု Impact ကြောင့်ပါပဲ။ အထဲက ဆောင်းပါးကို မဖတ်ရသေးခင်မှာပဲဒီမဂ္ဂဇင်းက ဖော်ပြထားတဲ့ မျက်နှာဖုံးဓာတ်ပုံနဲ့ ခေါင်းစဉ်စာသား အပေါ် ပြည်တွင်းမီဒီယာများရဲ့ ရေးသားမှု၊ အင်တာနက်ပေါ်က ဆွေးနွေး မှုများကြောင့် ပြည်တွင်းမှာ ဂယက်ရိုက်ခတ်မှုဘယ်လောက်ကြီးမားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါ တယ်။

ဒီစာစောင်ကို ပြည်တွင်းမှာ အဆင့်ဆင့်ဖြန့်ဝေလက်ဆင့်ကမ်းဖတ်ရှုကြမယ်၊ ထပ်ပြီး ပြောကြမယ်ဆိုရင် စာစောင်အပေါ် အငြင်းပွားမှုကနေ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခအဆင့်အထိ ရောက်သွားနိုင်ပါတယ်။

ဒါ့ကြောင့် အများ ပြည်သူအကျိုးစီးပွားအတွက်၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရှေ့ရှုပြီး ဒီစာစောင်ကို ပြည်တွင်းမှာ ဖြန့်ချိမှုမပြုဖို့ တားမြစ်တာဖြစ်ပါတယ်။

ဒီစာစောင်ကို တားမြစ်တာဟာ လက်ရှိအစိုးရကို ဝေဖန်လို့ တားမြစ်တာမဟုတ်ပါဘူး။ နောက် ပြီး တိုင်းမ်မဂ္ဂဇင်းအားလုံးကို ပိတ်ပင်တာလည်းမဟုတ်ပါဘူး။ ပြဿနာဖြစ်နိုင်တဲ့စာစောင်တစ်ခုထဲကိုပဲ ရွေးချယ်ပိတ်ပင် တာဖြစ်ပါတယ်။ ဒါကို ဝါရင့်စာနယ်ဇင်းသမားတစ်ဦးအနေနဲ့ မတွေးမိတာကိုတော့ အံ့သြမိပါတယ်။

နောက်စာနယ်ဇင်းသမားတစ်ဦးကတော့ အရေးပေါ်ကာလ စီမံခန့်ခွဲမှုဗဟိုကော်မတီအနေနဲ့ သတင်းမီဒီယာတွေကို ထိန်းချုပ်ခွင့်အပေါ် မေးခွန်းထုတ်ရလိမ့်မယ်လို့ ဆိုပြန်ပါတယ်။ ဒီဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်ခြောက်ရပ်ထဲမှာ လူမျိုး ရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက်ကာကွယ်ရန်ဆိုတဲ့ တာဝန်တစ်ရပ်ပါဝင်ပါ တယ်။

ဒါ့ကြောင့် ကြီးကြပ်မှုဗဟိုအဖွဲ့က တိုင်းမ်မဂ္ဂဇင်းရဲ့ ရေးသားဖော်ပြချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို သုံးသပ်တင်ပြတဲ့အခါ ဗဟိုကော်မတီက မဂ္ဂဇင်းပါအရေးအသားများကြောင့် နောက်ထပ် ဘာသာရေးအဓိကရုဏ်းများ ဖြစ် စေနိုင်တယ်လို့ဆုံးဖြတ်ပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။ တိုင်းမ်မဂ္ဂဇင်းဟာ ပြည်ပမှာ အခြေစိုက်ထားတာဖြစ်တဲ့အတွက် မဂ္ဂဇင်းဖြန့်ချိမှုကိုပဲ တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဗဟိုကော်မတီဟာ မီဒီယာကိုစောင့်ကြည့်ထိန်းချုပ်တဲ့အဖွဲ့မဟုတ်ပါဘူး။ သူ့လုပ်ငန်းတာဝန်ခြောက်ရပ်ကို နိုင်ငံပိုင်သတင်းစာများနဲ့ နိုင်ငံတော်ပြန်တမ်းမှာ အများပြည်သူသိအောင်ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ ပြန်လည်ရှာဖွေဖတ်ရှုလေ့လာရင်တွေ့နိုင်ပါတယ်။

ဒီနေရာမှာ ဘာ့ကြောင့်အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ၀င်ရောက်ဆောင်ရွက်ရသလဲလို့ မေးစရာ ရှိပါတယ်။ ဒီစာစောင်တွေကို ပထမအဆင့်အနေနဲ့ အကောက်ခွန်ဦးစီးဌာနကို ဥပဒေကပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ယာယီတားမြစ်ထားပါတယ်။ သို့သော် ဒီတားဆီးထားမှုကို တရားဝင်ဖြစ်အောင် ဥပဒေနဲ့ အညီဆက်လုပ်ဖို့ လိုပါတယ်။

ဒီလို လုပ်ဖို့ အာဏာပေးထားတဲ့ဥပဒေက ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေပဲရှိပါတယ်။ ဒါပေမယ့် အဲဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားပြီးဖြစ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများနဲ့ ပတ်သက် တဲ့ဥပဒေကြမ်းအတည်ဖြစ်ရင် ဖျက်သိမ်းတော့မှာဖြစ်တဲ့အတွက် အသုံးမပြုလိုပါဘူး။

နောက်ပြီး ဒီဥပဒေကို သုံးကာ တားဆီးခဲ့မယ်ဆိုရင် ရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်း အပြစ်တင်လိုသူများက ဒါဟာ နောက်ကြောင်းပြန်လှည့် တာပဲဆိုပြီး စွတ်စွဲပြောဆိုမယ့်အခြေအနေကလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီကပဲ သူ့လုပ်ပိုင်ခွင့်အရ တားမြစ်ခဲ့တာဖြစ်ပါတယ်။ တနည်းပြောရရင် ဥပဒေနဲ့ အညီလည်းဖြစ်အောင်၊ မလို လားအပ်တဲ့ အထင်အမြင်မှားမှုများလည်းမဖြစ်အောင် ချိန်ဆဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးဆွေးနွေးချင်တဲ့အချက်ကတော့ တရားပွဲများအကြောင်းပြောသွားတဲ့အချက်ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ ပြည်တွင်း စာနယ်ဇင်းသမားက တစ်ချို့တရားပွဲတွေက လူမျိုးရေးအရ တော်တော်လေးလှုံ့ဆော်တယ်၊ ဒါကို ဘာလို့ ဗဟိုကော်မတီ ကအရေးမယူလဲလို့ မေးခွန်းထုတ်ပါတယ်။

ဒါပေမယ့် ရှေ့နောက်မညီပုံက အဲဒီတရားပွဲတွေကို ကျွန်တော်ကိုယ်တိုင် နား မထောင်ဘူးပါဘူး၊ နားထောင်တဲ့သူတွေပြောတာပါလို့ ဆက်ပြောထားပါသေးတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကို လက်ခံပေမယ့် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင်၊ အကြမ်းဖက်မှုဖြစ်အောင် ပြောဆိုလှုံ့ဆော်မှုများကို လက်မခံပါဘူး။

ဒီတော့ ဆရာတော်များရဲ့ ဟောပြောချက်ဟာ အဲဒီအချက်တွေနဲ့ ငြိစွန်းနေ တယ်၊ ဗုဒ္ဓအဆုံးအမနဲ့ ကွဲလွဲနေတယ်ဆိုရင် သက်ဆိုင်ရာ သံဃမဟာနာယကအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိ ကျကျ အကိုးအကားနဲ့ လျှောက်ထားတိုင်ကြားနိုင်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်လည်း အလားတူ လုပ်ဆောင်လို့ရပါတယ်။

ဒါပေမယ့် ကိုယ်တိုင်မကြားရ၊ မမြင်ရပဲ နိုင်ငံတကာမီဒီယာပေါ်တက်ပြီး လူမျိုးရေးအရလှုံဆော် တယ်လို့ ပြောတာကတော့ မိမိနိုင်ငံရဲ့ ပုံရိပ်၊ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် သတင်းမှန် ကန်မှုကို ဦးစားပေးရမယ်ဆိုတဲ့ ကျင့်ဝတ်ကို လိုက်နာရမယ့် စာနယ်ဇင်းသမားတစ်ဦးက တစ်ဆင့်စကားကို ကိုးကားပြီး အတည်ပေါက်နဲ့ ပြောဆိုမှုကိုတော့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။

ဒီမိုကရေစီစနစ်အတွင်းမှာ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရေးအရာကိစ္စများအပေါ် ဆွေးနွေးတဲ့ Public Debate တွေ များ လာတာဟာ ကြိုဆိုရမယ့်အချက်ပါပဲ။

ဒီဆွေးနွေးမှုတွေကနေ ဌာနဆိုင်ရာများအနေနဲ့လည်း ပြုပြင်လုပ်ဆောင်ရမယ့် အချက်များလည်း ရခဲ့ပါတယ်။

တစ်ဘက်ကလည်း ပါဝင်ဆွေးနွေးသူတွေအနေနဲ့ နိုင်ငံတကာစံနှုန်းများ၊ ပြည်တွင်း ဥပဒေ များ၊ နိုင်ငံတကာအတွေ့အကြုံများကို ကိုးကားပြီး အရည်အသွေးပြည့်ဝတဲ့ ဆွေးနွေးမှုများပြုလုပ်မယ်ဆိုရင် အားလုံး အတွက် ပိုပြီးအကျိုးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Ye Htut Facebook

No comments:

Post a Comment

My Blog List