Thursday, October 17, 2013

သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည့် မြောက်ဒဂုံ သေနတ်ပစ်ကွင်း လုံခြုံမှု မရှိဟုဆို

Thursday, October 17, 2013
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်မြောက်ပိုင်း သေနတ်ပစ်ကွင်းမှာ လုံခြုံမှု မရှိကြောင်း စက်တင်ဘာလ ၁၅ရက်နေ့က သုဝဏ္ဏ အားကစားရုံတွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးတွင် မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထက်ညီက ပြောကြားသည်။
ပြိုင်ပွဲကျင်းပမည့် သေနတ်ပစ်ကွင်းသည် လူခြေပြတ်သည့် မြို့ပြင်တွင် ရှိပြီး ဘေးပတ်လည်တွင် လယ်ကွင်းများသာရှိကာ ကာရံထားသည့် သံဆူးကြိုးများမှာလည်း အချို့နေရာများတွင် ပျက်စီးလျက်ကြောင်း ၎င်းကပြောဆိုသည်။ ယင်းအပြင် ပြိုင်ပွဲတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများနှင့် ပြိုင်ပွဲသုံး အထောက်အကူပြု ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေး တာဝန်ယူထားသည့် ရဲဝန်ထမ်းနှစ်ဦးသာ ရှိကြောင်း ၎င်းကရှင်းပြသည်။
“မြောက်ဒဂုံဘက်မှာ ခိုးမှုတွေများတယ်။ အဝတ်အစားရ အဝတ်အစားခိုးတယ်။ မရရင်တွေ့ရာ ယူသွားတတ်ကြတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစား ပြိုင်ပွဲများနှင့် ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များအတွက် ရဲမှူးကြီး ခြောက်ဦးက ဦးဆောင်၍ လုံခြုံရေး တာဝန်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် သေနတ်ပစ် အားကစားနည်းကို အိမ်ရှင် အပါအဝင် ရှစ်နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၂ ခုချီးမြှင့်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List