Friday, October 18, 2013

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

Friday, October 18, 2013
8.1.1

အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။
မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို အထည်ချုပ်စက်ရုံမှ အထုတ်ပယ်ခံခဲ့ရသည့် အလုပ်သမား ခေါင်းဆောင် သုံးဦးကို ပြန်လည် အလုပ်ခန့်ရေးအတွက် ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမား ၇၀၀ ခန့်အား လုပ်ငန်းခွင် မ၀င်သည်မှာ သုံးရက်ရှိပြီ ဖြစ်သဖြင့် စက်ရုံထဲသို့ အ၀င်မခံတော့ဘဲ အလုပ်မှ ထုတ်ပယ်ကြောင်း စာကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က စက်ရုံဝင်ပေါက်ရှေ့တွင် ကပ်ခဲ့သည်ဟု ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများက ဆိုသည်။
ဆန္ဒပြ တောင်းဆိုရာတွင် ပါဝင်သည့် အလုပ်သမား တစ်ဦးဖြစ်သူ မသင်းပျံ့မွှေးက ''မနက်က စက်ရုံဝင်ပေါက်ရှေ့မှာ စာကပ်သွားတယ်။ ဒီနေ့မှ ပြန်မ၀င်ရင် သုံးရက်ပြည့်တဲ့ အတွက် အလုပ်က ထုတ်ပယ်တယ် ဆိုတဲ့စာပါ။ ကျွန်မတို့ တောင်းဆိုနေတာကလည်း အကြောင်းပြချက် မရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်တဲ့ သူတွေကို ပြန်ခန့်ပေးဖို့ပါ'' ဟု အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်အား သိရှိနိုင်ရန်အတွက် ဖာမိုဆို (အထည်ချုပ်)စက်ရုံ မန်နေဂျာထံသို့ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းဖြေသူ အမျိုးသမီးက မန်နေဂျာမှာ စက်ရုံထဲသို့ သွားသဖြင့် မရှိကြောင်းနှင့် မိမိမှာ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိကြောင်း The Daily Eleven သတင်းစာသို့ ပြန်လည် ဖြေကြားခဲ့သည်။
အလုပ်ရှင်က တိုက်ရိုက်အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ခေါင်းဆောင်သုံးဦးမှာ ကိုရဲလင်းစိုး(ဥက္ကဋ္ဌ)၊ မဟေမာန်ချစ် (အတွင်းရေးမှူး)နှင့် မအေးသီတာခိုင် (ဘဏ္ဍာရေးမှူး)တို့ ဖြစ်ကြပြီး ၎င်းတို့ကို အောက်တိုဘာ ၁၂ ရက် စနေနေ့က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ထုတ်ပယ်ခဲ့သည့် အတွက် အဆိုပါ အလုပ်သမားခေါင်းဆောင် သုံးဦးကို ပြန်လည် ခန့်ပေးရေးအတွက် ၎င်းစက်ရုံမှ ၀န်ထမ်း ၇၀၀ ခန့်က အောက်တို ဘာ ၁၄ ရက်မှ စတင်ကာ လုပ်ငန်းခွင် မ၀င်ရောက်ဘဲ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကာ သုံးရက်မြောက်နေ့တွင် အလုပ်သမား ၇၀၀ ခန့်အား အလုပ်မှ ထုတ်ပယ်ကြောင်း စာကပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့် အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မဟေမာန်ချစ်က ''ဒီအလုပ်သမား ၇၀၀ ခန့်က မတရား တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ကို အပြစ်မရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တဲ့ အတွက် သူတို့ကို ပြန်ခန့်ပေးဖို့ပဲ တောင်းဆိုနေကြတာပါ။ မြို့နယ် အလုပ်သမား ရုံးမှာ တွေ့ဆုံဆွေးနွေး တာလည်း ဘာမှမထူးခြား ခဲ့ပါဘူး။ ဒီကိစ္စကို ကျွန်မတို့ ဂျပန်သံရုံးနဲ့ ILO ကို စာသွားတင်ထားပါတယ်'' ဟု အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါစက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းသို့ မီဒီယာများ သတင်းဝင်ရောက် ယူခြင်းကို ဂိတ်လုံခြုံရေး တာဝန်ရှိသူများက ခွင့်မပြုဘဲ တားဆီးထားဆဲ ဖြစ်သည်။
Eleven

No comments:

Post a Comment

My Blog List