အဆိုပါ ဥမင်သည် ဂါဇာတွင် လှုပ်ရှားနေသည့် စစ်သွေးကြွများက အစ္စရေး စစ်တပ်နှင့် အရပ်သားများကို တိုက်ခိုက်ရန် ကြံစည် တူးဖောက်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း အစ္စရေးတို့က စွပ်စွဲခဲ့သည်
ဂါဇာမှ အစ္စရေးသို့ သွယ်တန်းထားသည့် ဥမင်ကို အစ္စရေးစစ်တပ် ရှာဖွေတွေ့ရှိဂါဇာကမ်းမြှောင် ဒေသမှ အစ္စရေး နိုင်ငံအထိ သွယ်တန်း ဖောက်လုပ်ထားသည့် မြေအောက် ဥမင်လှိုဏ်ခေါင်း တစ်ခုကို မိမိတို့ ရှာဖွေ တွေ့ရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။ အဆိုပါ ဥမင်သည် ဂါဇာတွင် လှုပ်ရှားနေသည့် စစ်သွေးကြွများက အစ္စရေး စစ်တပ်နှင့် အရပ်သားများကို တိုက်ခိုက်ရန် ကြံစည် တူးဖောက်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း အစ္စရေးတို့က စွပ်စွဲခဲ့သည်။ ဥမင်ကို တွေ့ရှိပြီးသည်နှင့် အစ္စရေးက ချက်ချင်း တုံ့ပြန် အရေးယူသည့် အနေဖြင့် ဂါဇာရှိ သတ်မှတ်ထားသော နေရာအချို့သို့ အိမ်ဆောက်ပစ္စည်းများ တင်ပို့ခွင့်ကို အစ္စရေးက ဆိုင်းငံ့ထားလိုက်သည်။ ပါလက်စတိုင်း လူမျိုးအများစု နေထိုင်သည့် ဒေသမှ အစ္စရေးသို့ ဦးတည် ဖောက်လုပ်ထားသည့် ဥမင်အတွင်း အစ္စရေးဘက်မှ တင်ပို့ခဲ့သည့် အိမ်ဆောက် ပစ္စည်းများကို သုံးစွဲထားကြောင်း ဗိုလ်ချုပ် ဆမ်မီတူဂျီမန်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းသည် အစ္စရေးတောင်ပိုင်း စစ်ဦးစီးဌာန၏ ကွပ်ကဲရေး အရာရှိလည်း ဖြစ်သည်။ ယခုတွေ့ရှိသည့် ဥမင်လှိုဏ်ခေါင်းသည် ဂါဇာတွင် အင်အားစုရုံးနေပြီး အစ္စရေးတို့၏ မဟာရန်သူတော်အဖြစ် ရပ်တည်နေသည့် ဟားမတ်စ် ပြောက်ကျားများနှင့် ဆက်နွယ်နေမည်ဟု ယူဆသဖြင့် အိမ်ဆောက်ပစ္စည်းများ တင်ပို့မှုကို ဆိုင်းငံ့ခဲ့ကြောင်းလည်း ဗိုလ်ချုပ် တူဂျီမန်က ဆိုသည်။ အစ္စရေး အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အလေးအနက် စောင့်ကြည့် လေ့လာမှုများ လုပ်ဆောင်အပြီးတွင် အိမ်ဆောက်ပစ္စည်းများ ဂါဇာသို့ တင်ပို့ခွင့်ကို ဆက်လက် ခွင့်ပြုသွားမည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရှာဖွေတွေ့ရှိသော ဥမင်သည် (၁)မိုင်မျှ ရှည်လျားပြီး မြေအနက် ပေ(၆၀)မျှတွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။

Planet Myanmar Network
No comments:
Post a Comment