Tuesday, October 15, 2013

လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောက်တိုဘာ ၂၆ တွင် ပြုလုပ်မည်

Tuesday, October 15, 2013
သံမဏိလိပ်ပြာ စီးရီးနဲ့ ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ပိုမိုရရှိလာတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်သွားမယ်လို့ The Voice ကို ပြောပါတယ်။
“ဒီပွဲမှာ တီးဝိုင်းကတော့ ကျွန်တော့်ရဲ့ သံမဏိလိပ်ပြာ စီးရီးမှာ တီးပေးထားတဲ့ Dream Lovers တီးဝိုင်းက တီးပေးမယ်။ ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမယ်။ သီချင်းပုဒ်ရေ ၂၅ ပုဒ်ကျော်လောက်ဆိုဖို့ စဉ်းစားထားတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါမယ်။ ဒီပွဲကို လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်အောင် သေချာပြင်ဆင် ထားပါတယ်” လို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လင်းလင်းက ပြောပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာပြီးရင် မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရတာကြောင့် ရွှေ့ဆိုင်းထားပြီး ခွင့်ပြုမိန့်ရရချင်း ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လင်းလင်းက ဆိုပါတယ်။ ရန်ကုန်မှာ ပြုလုပ်မယ့် လင်းလင်းတစ်ကိုယ်တော် ဖျော်ဖြေပွဲကို မည်သည့် ရုပ်သံလိုင်းကမှ ပြသသွားမှာ မဟုတ်ဘဲ ပွဲပြီးတဲ့အခါမှသာ ရိုက်ကူးထားသမျှ ကို ဗီစီဒီအဖြစ် ဖြန့်ချိသွားမှာ ဖြစ်ကြောင်း၊ ဗီစီဒီ ရောင်းချပြီး ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကိုတော့ လူကုန်ကူး ခံရပြီးနောက် မြန် မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာတဲ့ သူတွေရဲ့ လူနေမှုဘဝ အခြေအနေတွေ ပြန်လည် ထူထောင်နိုင်ဖို့၊ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေမှာ ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ရာကနေ HIV ပိုး ကူးစက်ခံရပြီး ပြန်လာတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းကိုတော့ ကျပ် ၆၀၀၀ သတ်မှတ်ထားကာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ စတင်ပြီး မန်းသီရိ တေးသံသွင်း၊ ဘိုဘိုတေးထုတ်လုပ်ရေး၊ Nobody ဆိုင်များနဲ့ City Mart ဆိုင်ခွဲများ အားလုံးမှာ ဝယ်ယူ ရရှိနိုင်ကြောင်း လင်းလင်းက ထပ်လောင်း ပြောကြားပါတယ်။
The Voice Weekly

No comments:

Post a Comment

My Blog List