Sunday, October 21, 2012

KWAG ဒါရိုက်တာ သြစတြေးလျား ခရီးစဉ် ပြီးဆုံး



အပြည်ပြည်ဆိုင်ရာလူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏ ဖိတ်ကြားမှုဖြင့် သြစတြေးလျနိုင်ငံ သို့ အောက်တိုဘာ ၁၀ရက်နေ့ကရောက်ရှိခဲ့သောကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG)ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။

ခရီးစဉ်အတွင်း သူမသည် သြစတြေးလျားနိုင်ငံရှိ Sydney၊ Perth နှင့် Melbourne မြို့တို့တွင် ကရင် လူမှုအဖွဲ့အစည်းများ၊ ကရင်လူငယ်များ၊ NGO အဖွဲ့အစည်းများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများအား လိုက်လံတွေ့ဆုံကာ ပြည်တွင်းကရင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို ရှင်းလင်း ခဲ့ ပြီးနောက် ခရီးစဉ် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
KWAG နော်စူစဲန်နာလှလှစိုးက “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် မှုဒိန်းမှု၊ မတရားပြုကျင့်ခံရမှု ဆက် လက်ရှိနေပြီး ငွေဖြင့်ပိတ်ပင်တာတွေကြောင့် အမှုလိုက်တဲ့အခါ အဖြစ်မှန် ပေါ်ပေါက်လျှက်နဲ့ အမှုရှုံးနှင့်သာ ရင်ဆိုင်ရတာ တွေ့ရတယ်။ နောက် ကလေးဘက်က ပြန်ကြည့်ရင် ၂၀၀၈ခုနှစ်၊ နာဂစ်မုန်တိုင်းဖြစ်ပွားလို့ မိဘမဲ့ကလေးဖြစ်သွားတဲ့ ကလေးတွေ ခုထိ အခက်အခဲဖြစ်နေတုန်းပဲ”ဟု ပြောသည်။
ထို့အပြင် ယခု ခရီးစဉ်သည် နော်စူစဲန်နာလှလှစိုး၏ ပထမဦးဆုံးအကြိမ် သြစတြေးလျား ခရီးစဉ်ဖြစ်ပြီး World Visionအဖွဲ့နှင့် တွေ့ဆုံသည့်အပြင် လက်ရှိ မြန်မာနိုင်ငံအရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် သြစတြေးလျရောက် ကရင်များနှင့် လာရောက်တွေ့ဆုံခြင်း လည်း ဖြစ်သည်ဟု သိရသည်။
သူမ၏ ဆေးနွေးပွဲသို့ တက်ရောက်သူ စောဝေးလ်းမင်းကလည်း “ဆရာမ(နော်စူစဲနာလှလှစိုး)က ငြိမ်းချမ်း
ရေး နဲ့ပတ်သက်ပြီး ကျနော်တို့ သြစတြေးလျားက မြန်မာအဖွဲ့အစည်းတွေကို လာဆွေးနွေးတာ ဆီလျော် သင့်တယ်လို့ ပြောချင်တယ်”ဟု ဆိုသည်။
ဆက်လက်၍ သူက လက်ရှိ အစိုးရသည် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံရာတွင် အနိုင်ငံလုံး ပါဝင်သည့် ဆွေး နွေးမှုမျိုး မဟုတ်ပဲ ကရင်တစု၊ မွန်တစု သျှမ်းတစု စသည့် ကွက်ကွက်ဆွေးနွေးခြင်းကို ကြည့် ခြင်းအားဖြင့် တိုင်းရင်းသားအဖွဲ့များကို ဖဲ့ထုတ် စည်းရုံးနေခြင်းသာ ဖြစ်သေးကြောင်း ပြောသည်။
၎င်းအပြင် နော်စူစဲန်နာလှလှစိုးက သူမ၏ ခရီးစဉ်တွင် သြစတြေးလျားရောက် ကရင်အဖွဲ့တစ်ခုဖြစ်သည့် သြစ တြေးလျကရင်အဖွဲ့အစည်း(AKO)သည် မိမိကရင်စာ ပေ၊ ကရင်စကားကို သြစတြေးလျနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုသည်အထိ ကြိုးစားလုပ်ဆောင်နိုင်သည့်အပေါ် အရမ်းအားရ ကျေနပ်မိကြောင်း
နှင့် ပြည်ပနိုင်ငံရောက်သော်လည်း မိမိ၏ ဘာသာ၊ စကား၊ စာပေကို ထိန်းသိမ်းရန်လိုကြောင်း ဖြည့်စွက်
ပြောခဲ့သည်။
နော်စူစဲန်နာလှလှစိုးသည် ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိကာ ထိုမှတ ဆင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိမည် ဖြစ်သည်။
ဒါရိုက်တာအဖြစ် နော်စူစဲန်နာလှလှစိုး တာဝန်ထမ်းဆောင်သည့် KWAG အဖွဲ့ကို သြဂုတ်လ ၈ရက် ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ကလေးနှင့် အမျိုးသမီးတို့၏ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်မာရေး၊ ပညာရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေး၊ အဓမ္မနိုင်ထက်စီးနင်းမှု ပပျောက်ရေး တို့ကို လုပ်ဆောင်လျှက်ရှိသည်။

No comments:

Post a Comment

My Blog List