Wednesday, May 16, 2012

ဂျာနယ်များ သတင်းယူခွင့် NLD ကန့်သတ်


NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ်စဉ်က သတင်းထောက်များ

တောင်ကိုရီးယားသမ္မတ မစ္စတာ လီမြောင်ဘတ်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဂျာနယ်တိုက် ၄ ခုကိုသာ ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။


အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်ကြသည့် ပြည်သူ့ခေတ်၊ မြန်မာတိုင်းမ်၊ ၀ီးကလီးအလဲဗင်း နှင့် အခြားဂျာနယ်တစ်ခုတို့ကိုသာ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

“ညနေ ၄ နာရီလောက်မှာ တိုက် ၄ တိုက်ကိုပဲ ရွေးဖိတ်တယ်လို့ သတင်းရတယ်။ အဲဒါနဲ့ အဖွဲ့ချုပ်ကို ဖုန်းဆက်ပြီး မေးတော့ သူတို့ မသိကြောင်း ပြောတယ်။ ဘယ်တိုက်တွေဆိုတာ တရားဝင်လည်း မထုတ်ပြန်ဘူး။ အခု ၃ တိုက် သိရတယ် ဆိုတာက ကိုယ့်အချင်းချင်း မေးမြန်းထားမှ သိရတာ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာသတင်းထောက်များကို ကန့်သတ်ရန် အကြောင်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၉ ရက်နေ့၊ ရန်ကုန်မြို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Express Times ဂျာနယ်မှ သတင်းထောက်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် Express Times က NLD သို့ စာပို့ခဲ့သည်။

ထိုတိုင်ကြားစာကို မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် ပြည်တွင်း ဂျာနယ်တိုက်များသို့လည်း ပေးပို့ခဲ့သည်ဟု သိရသည်။

Messenger သတင်းဂျာနယ်၊ အွန်လိုင်း မီဒီယာတစ်ခုဖြစ်သည့် Yangon Press International တို့က Express Times နှင့် အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီကိစ္စကြောင့် ကျွန်တော်တို့ကို သတင်းယူခွင့် ပိတ်ပင်တယ် ဆိုရင်တော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးဆန်တယ်လို့ ပြောရမှာပဲ” ဟု သတင်းထောက် တစ်ဦးက ပြောသည်။

Express Times ဂျာနယ်သည် ပြီးခဲ့သည့် လပိုင်းမှစတင်၍ ဘဏ္ဍာရေးအခြေအနေအရ ရပ်ဆိုင်းရန် စီစဉ်ထားသော်လည်း အယ်ဒီတာချုပ်နှင့် သတင်းထောက်များက လစာလျှော့ယူ၍ ဆက်လက် ထုတ်ဝေနေကြကြောင်း သိရသည်။

အိတ်စ်ပရက်စ်တိုင်းမ်ဂျာနယ်ကို ၂၀၁၁ ခု၊ အောက်တိုဘာလခန့်က စတင် ထုတ်ဝေခဲ့သည်။

No comments:

Post a Comment

My Blog List