Friday, April 22, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာသံတမန်များ ယနေ့တွေ့မည်


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာသံတမန်များနှင့် ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး လောကနတ်ခန်းမ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူပြီးတဲ့နောက် အခုလို နိုင်ငံတကာက သံတမန်တွေကို တွေ့ပြီး မြန်မာနိုင်ငံရဲ့ရှေ့ဆက် ဆောင်ရွက်မယ့် နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းမယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ NLD ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားပြီးဖြစ်ပါတယ်'' လို့ NLD ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်မြို့ အခြေစိုက်သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးတရုံးနှင့် ပြည်ပအခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာ စာတမ်း၌
၁။ နိုင်ငံတကာနှင့် ဆက်ဆံရေးတွင် အမှန်တကယ်တက်ကြွလွတ်လပ်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံး၍ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက်မည်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာ၌ ပေါ်ပေါက်လာ သော အရေးကိစ္စရပ်များတွင် စစ်မှန်သော ဒီမိုကရေစီအခြေခံများဘက်က ခိုင်မာစွာရပ်တည်မည်။
၂။ နိုင်ငံအချင်းချင်းအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများဖော်ထုတ်၍ ပူးပေါင်းဆောင်ရွက်ကြမည်။ အထူး သဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းများတွင် ဒေသ၏အကျိုးကို ဦးတည်၍ လက်တွဲဆောင်ရွက်မည်။
၃။ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည် တို့နှင့် ရင်းနှီးခိုင်မာစွာ ဆက်ဆံမည်။
၎။ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ကဏ္ဍကို အထူးအလေးပေး ဆောင်ရွက် သွားမည်ဟု ရေးသားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁ အရ နိုင်ငံခြားရေးမူဝါဒမှာလွတ်လပ် ၍ တက်ကြွပြီး ဘက်မလိုက်သော ၀ါဒဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး ငါးရပ်ဖြစ်သည့် တနိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို တနိုင်ငံက လေးစားရန်၊ တနိုင်ငံနှင့်တနိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တနိုင်ငံနှင့်တနိုင်ငံ ပြည်တွင်းရေးကိစ္စ များတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တနိုင်ငံနှင့် တနိုင်ငံ တန်းတူရည် တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရန် အချက်များကို အခြေခံပြီး လုပ်ငန်းစဉ်ရှစ်ရပ် ချမှတ်ကျင့်သုံး လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြား သည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)





No comments:

Post a Comment

My Blog List