Friday, April 22, 2016

နိုင်ငံတော်အလံဖြုတ်ချမှုဖြင့် မြင်းခြံတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား နှစ်ဦး လွတ်မြောက်



အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားသပိတ်စစ်ကြောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိစဉ် နိုင်ငံတော်အလံဖြုတ်ချပြီး ခွပ်ဒေါင်းအလံ ပြောင်းလဲလွှင့်တင်ခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့် မြင်း ခြံထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၂ ဦးကို ဧပြီလ ၂၁ရက် နေ့ ညနေ ၅နာရီတွင် ပြန်လည်လွတ်မြောက်ခွင့်ပေးလိုက်ကြောင်း မြင်းခြံ မြို့နယ်တရားရုံးထံမှ သိရှိရသည်။

ယင်းသို့ နိုင်ငံတော်အလံဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ အရ အမှုကို ပိတ်သိမ်းကြောင်း ယင်းမြို့နယ်တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလို လွှတ်ပေးတဲ့အတွက် ဝမ်းလည်း မသာဘူး။ ဒါပေမဲ့ NLDရဲ့ အားထုတ်မှုပါခဲ့တယ်လို့ သိရတဲ့အတွက် NLD ကို အသိအမှတ်ပြုပါတယ်”ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့်ကျောင်းသား ကိုစိုးလှိုင်က ဆိုသည်။

မြင်းခြံဒီဂရီကောလိပ်တွင် နိုင်ငံတော်အလံ ဖြုတ်ချ၍ ဗကသအလံ တပ်ဆင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မြင်းခြံထောင်တွင် တစ်နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားသော ကျောင်းသားနှစ်ဦး မလွတ်မြောက်သေးသဖြင့် ဗကသကျောင်းသားများသည် ယနေ့(ဧပြီလ ၂၁ရက်) ညနေ ၄နာရီ ၁၅မိနစ်ခန့်က မြင်းခြံမြို့နယ် တရားရုံးရှေ့တွင် လွတ်မြောက်ရေးအတွက် တောင်းဆိုနေကြစဉ် ညနေ ၅ နာရီခန့်တွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းသားနှစ်ဦးကို ထိန်းသိမ်းထားသည့် တစ်နှစ်ကျော်ကြာကာလအတွင်း ရုံးချိန်းများသာ ချိန်းဆိုခဲ့ပြီး တစ်ကြိမ်မှ စစ်ဆေးခံရမှု မရှိခဲ့ကြောင်း အဆိုပါကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ ဦးချမ်းငြိမ်းက ပြောကြားသည်။

(ဓာတ်ပုံ-မောင်ရဲနွေ)
The Voice Weekly

No comments:

Post a Comment

My Blog List