Friday, April 22, 2016

ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်မည်ဟု သူရဦးတင်ဦးဆို


ကွယ်လွန်သွားပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိဝင်တစ်ဦး ဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ် သော သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သူ (ဦးဝင်းတင်) နဲ့ ပတ်သက်တဲ့ အရာတွေကို ဒီနိုင်ငံမှာ နေရာလေးတစ်ခုကို ရရှိပြီးတော့ ပန်းခြံသဘောမျိုးနဲ့ သူရဲ့အထိမ်းအမှတ်မျိုး ဖြစ်မြောက်အောင် ကြိုးစားအကောင်အထည်ဖော်ပြီး ဆောင်ရွက်မယ်” ဟု ၎င်းက ဆိုသည်။


ယင်းသို့ ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ်ပန်ခြံ တည်ဆောက်မည် ဖြစ်သော်လည်း စတင်ဆောင်ရွက်မည့် အချိန်နှင့် နေရာကိုမူ သူရ ဦးတင်ဦးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို NLD ပါတီ နာယက ဦးတင်ဦး၊ NLD ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များ၊ စာပေပညာရှင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ စသဖြင့် တက်ရောက်ခဲ့ကြသည်။

အလားတူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အခမ်းအနား များ ကျင်းပခဲ့ရှိသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် (၁၉၅၇) ခုနှစ်၌ ကြေးမုံသတင်းစာ ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ၏ အမှုဆောင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

ယင်းနောက် (၁၉၆၈- ၁၉၇၈) ခုနှစ်အထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ဟံသာဝတီ ဦးဝင်းတင်ဟု အမည်တွင်ခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ထောင် ခဲ့စဉ် ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရသည်။

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပြီးနောက်တွင် NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List