Friday, June 01, 2012

မြစ်ဆုံစီမံကိန်းပြန်စရန် CPI ကြိုးစား


ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စနိုင်ဖို့ CPI က ကြိုးစားနေတယ်လို့
မြစ်ဆုံအရေး စောင့်ကြည့်နေသူတွေက ဆိုလိုက်ပါတယ်။
ဒီကနေ့ သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်။


ထုတ်ပြန်ကြေညာချက်
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့
ဇွန်လ၊ ၁၊ ၂၀၁၂

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် ဇွဲနပဲကြီးစွာဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် စိုင်းပြင်းနေသည်ဟု နိုင်ငံတကာရေကာတာအဖွဲ့မှ အတည်ပြုပြောဆိုလိုက်သည်။မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ဆုံရေကာတာ အဓိကဆောက်လုပ်သူ(CPI)မှ စီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များပြုလုပ်ပေးရန် နိုင်ငံတကာ ရေကာတာကျွမ်းကျင်မှုအဖွဲ့ကို တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းကို နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ (ICOLD) မှ မေလ ၃၀ရက်နေ့က အတည်ပြု ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) အနေဖြင့် ဤမြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှုရှိသည့်အပြင် အကျိုးရလာဒ်များစွာ ရှိကြောင်း သက်သေပြရန်အတွက် ပြန်လည်သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည့်အကြောင်းကို တရုတ်သင်းဌာနတခုမှ အစောပိုင်းတွင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ရေကာတာကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် မြန်မာနိုင်ငံ အစိုးမှ "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) ၏ ထုတ်ပြန်ကြေညာချက်တွင် ၄င်းတို့အနေဖြင့် ဤမြစ်ဆုံစီမံကိန်း ပြန်သုံသပ်လေ့လာမှုလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း မြစ်ဆုံရေကာတာကို အဓိကဆောက်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) မှ မြစ်ဆုံရေကာတာအပေါ် လေ့လာသုံးသပ်မှုလုပ်ငန်းစဉ်များကို ဆက်လျှက်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

မြစ်ဆုံရေကာတာစီမံကိန်း ဆိုင်းငံထားသော်လည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က စီမံကိန်းအတွက်စည်းရုံးလှုံ့ဆော်မူလုပ်ငန်းများကို ဆက်လျှက်လုပ်ဆောင်နေပြီး၊ စီမံကိန်းဧရိယာမှ စက်ယန္တရားများ နှင့် ၀န်ထမ်းများကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းခြင်းမရှိသေးချေ။ မြန်မာအစိုးရသည် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ရွာသူရွာသားများကို ၄င်းတို့၏နေရပ်သို့ ပြန်လည်နေထိုင်ခွင့်မပြုသေးသည့်အပြင် ထိုရွာသူရွာသားများမှာလည်း ဤစီမံကိန်းအခြေအနေမှာ မသေချာမရေရာသည့်အတွက် သံသယစိတ်များ ကြီးထွားနေဆဲပင်ဖြစ်သည်။

“တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က ရေကာတာစီမံကိန်းဆိုင်းငံ့ထားသည့် အပေါ်မှာ မထီမဲ့မြင်လုပ်တာပဲ” ဟု ကချင်လူမှုဖွံဖြိုးရေးကွန်ယက်အဖွဲ့မှ ဆိုင်းမိုင်က ပြောသည်။ “သူတို့က ရေကာတာစီမံကိန်းဧရိယာကနေ ဆုတ်ခွာဖို့ ငြင်းနေသည်၊ အခုလည်း သူတို့က ဒီဆိုင်းငံ့ထားမှုကို စောဒကတက်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာ ကျွမ်းကျင်ပညာရှင်များကို ခေါ်လာနေပြီ”

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် ရေကာတာပေါင်း ၇ ခုကို အဓိကလုပ်ဆောင်နေသည့် ကုမ္ပဏီတခုဖြစ်သည်။

နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) အဖွဲ့က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၅ နိုင်ငံဖြင့်ဖွဲ့စည်းထားပြီး၊ ရေအားလျှပ်စစ်ကုမ္ပဏီများလည်းပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံကလည်း နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသည်။ လက်ရှိ နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) ဥက္ကဌမှာ ဒေါက်တာ ဂျင်ရှင်း ( Dr. Jinsheng JIA) ဖြစ်ပြီး ၄င်းသည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD) ၏ ဒုတိယ ဥက္ကဌ အနေဖြင့်လည်း တာဝန်ထမ်းဆောင်နေသူ တဦးဖြစ်သည်။ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အတား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD)၏ အဖွဲ့ဝင်လည်း ဖြစ်နေပြန်သည်။ (CPI)ကုမ္ပဏီ၏ ဒုတိယမန်နေဂျာ မစ္စတာယုန်တိန်( Mr. Young Tian) မှာလည်း (CHINCOLD) ၏ ဘုတ်အဖွဲ့တွင် ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခြား (CPI) ၀န်ထမ်းနှစ်ဦးဖြစ်သော မစ္စတာခွန်ဝမ်၊ မစ္စတာဒုန်လိုင် ဂျင်( Mr. Qi Wang and Mr.Donglai Jin) မှာလည်း CHINCOLD ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။

ဆက်သွယ်ရန်။ ။ ဆိုင်းမိုင် (+၆၆ ၈၂၃၉၁၃၃၂၅)
အီးမေလ် ။ ။ kdngchn@gmail.com / www.kdng.org


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List