Monday, May 21, 2012

တတ်သိပညာရှင်တွေ အမြန်ဆုံး ပြန်လာကြပါ

  ပြည်ပရောက်တတ်သိပညာရှင်တွေအမြန်ဆုံး ပြန်လာကြပါလို့ဒီကနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်မှာတိုက်တွန်းထားပါတယ်။(ပညာရှင်မဟုတ်သူများလည်းအမြန် ပြန်လာသင့်ကြောင်း နောက်တနေ့မှာ သီးသန့် ထပ်ရေးသင့်ပါတယ်။)
နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ပူးပေါင်း လုပ်ကိုင်ဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေပြီ ဆိုတဲ့သဘော ရေးထားပါတယ်။

မြန်မာပြည် ပြန်ထူထောင်ရေးအတွက် ပညာရှင်တွေ လိုနေတဲ့အကြောင်းကို
ပြန်လာခဲ့ပါ ကိုမြန်မာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာပါ။

သတင်းစာပုံစံနဲ့ ဖတ်ချင်ရင် ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsm4Az9wFrDG5TkzxcmF86ZzMt7l5UlyQ5-nI5qw6SCs0be9xCdnJT-YGXaElxCItyBy9_9s86CSD0GynjwPTOaSNoWGSyQUXRLBmjvU-du-wGaB3f7C2FPXNCR86QzNFJ0RTurXm5r5Ib/s1600/098.jpg ဖတ်ပါ။

ဇော်ဂျီဝမ်းနဲ့လည်း အောက်ပါအတိုင်း ဖတ်နိုင်ပါတယ်။


မြန်မာအသိပညာရှင်၊ အတတ်ပညာရှင် ကိုမြန်မာ၊ မောင်မြန်မာ၊ မယ်မြန်မာအပေါင်းတို့အား ပြည်သူအပေါင်းတို့က စောင့်ကြိုနေကြပြီ။ အမြန်ဆုံးပြန်လာကြပါရန် ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါသည်။ ။

ယနေ့မြန်မာနိုင်ငံ၏ ပကတိအခြေအနေသည် ပွင့်သစ်စ ကြာ၊ ထွန်းသစ်စ လပမာ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ဖွံ့ဖြိုးခြင်းတည်းဟူသော ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလှသည့် အခါသမယ ဖြစ်ပါသည်။ မတူညီတာတွေအသာထား တူညီတာတွေပေါင်းစုလျက် ကောင်းမှုအထွေထွေရစေဖို့ ဦးထမ်းပဲ့ထမ်း ဝိုင်းဝန်းကြိုးပမ်းအားထုတ်နေကြသည့် အခါသမယလည်းဖြစ်ပေသည်။

ပြုပြင်ပြောင်းလဲမှုကိုလိုလားနေကြသည့် ပြည်သူများ၏ဆန္ဒနှင့်အညီ နိုင်ငံတော်က ဆက်တိုက်ပြုပြင်ပြောင်းလဲပေးနေပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများသည် ပွင့်လင်းမြင်သာသည့် အပြောင်းအလဲများအဖြစ် မြင်တွေ့နေကြရပေသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းပါမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်သည်ဆိုသော သဘောအတိုင်း ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှု ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတော်ပင် ခရီးပေါက်မြောက်ခဲ့ပြီဖြစ်သည်။ တစ်တိုင်းတစ်ပြည်လုံး တည်ငြိမ်အေးချမ်းလာတော့မည်ဖြစ်ပေသည်။

တစ်ဆက်တည်းမှာပင် နိုင်ငံတကာဆက်ဆံရေးမျက်နှာစာတွင်လည်း တဖြည်းဖြည်းကျယ်ပြန့်လာနေပြီဖြစ်သည်။ နိုင်ငံထိပ်တန်းခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းမှ ထိပ်သီးပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ စသည်ဖြင့် နေ့စဉ်နှင့်အမျှ ဝင်ထွက် ဆက်ဆံနေကြပြီဖြစ်သည်။ အာရှနိုင်ငံများသာမက အနောက်နိုင်ငံများကပါ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ဆက်ဆံလာကြသည်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အတော်များများ ဖြေလျှော့ပေးခဲ့ပြီဖြစ်သည်။ ပြည်ပနိုင်ငံအချို့က နည်းပညာအကူအညီ၊ စီးပွားရေး အကူအညီစသည်ဖြင့် အကူအညီများပေးရန် ကမ်းလှမ်းနေပြီဖြစ်သည်။

ဤသို့သောအချိန်အခါသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးက စုပေါင်းညီညွတ်မှုအားဖြင့် အလုပ်လုပ်ကြရပေတော့မည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်လုပ်ကိုင်ကြရပေတော့မည်။ ဤသို့အလုပ်လုပ်ကြရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်၏။ အသိပညာရှင်၊ အတတ်ပညာရှင်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံဆောင်ရွက်ရာတွင် ပင်မထောက်တိုင်များပင်ဖြစ်၏။

ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့ပြီးဖြစ်သည်။ ပြည်ပသို့ရောက်ရှိ နေကြသည့် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်များစွာရှိနေ၏။ ၄င်းတို့အနေဖြင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတို့ ကမ္ဘာ့အလယ်ဝင့်ထည်နိုင်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ပံ့ပိုးကူညီပေးရန် အချိန်မီပြန်လာသင့်ပြီ။ ပြည်သူအပေါင်းက အသင်တို့ပြန်လာမည့်လမ်းက အားကိုးတကြီး စောင့်မျှော်နေကြလေပြီ။

သို့ဖြစ်ပါ၍ ပြည်ပရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါလျှင် ပြန်လာကြစေချင်သည်။ ပြည်ပရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင် ကိုမြန်မာ၊ မောင်မြန်မာ၊ မယ်မြန်မာအပေါင်းတို့အား ပြည်သူအပေါင်းတို့က စောင့်ကြိုနေကြပြီ။ အမြန်ဆုံးပြန်လာကြပါရန် ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါသည်။ ။
ဗိုလ်ချုပ်ကြီးတို့နဲ့ သဘောထားခြင်း မတိုက်ဆိုင်လို့ ပြည်ပရောက်နေသူတွေထဲမှာလည်း တတ်သိပညာရှင်တွေ ပါပါတယ်။ (ဒီလူတွေ ပြည်တော်ပြန်ရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာသင့်ပါတယ် ဆိုပြီး အယ်ဒီတာ့အာဘော်မှာ ရေးသင့်ပါတယ်။)

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List