Wednesday, May 23, 2012

ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၁)


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအများဆုံးသွားရောက်လည်ပတ်လေ့ရှိကြတဲ့ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းဟာအရင်နှစ်တွေကထက်စာရင်အဆများစွာတိုးတက်မှုရှိလာတယ်လို့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းအများစုကတညီတညွတ်တည်း ပြောဆိုကြပါတယ်။ဘုရားဖူးခရီးသည်တွေများလာတာနဲ့အမျှဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေလဲတစ်နေ့တခြားများပြားလာတယ်လို့သိပါတယ်။
လက်ရှိကာလ ရန်ကုန်မြို့ပေါ်မှာ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင် ရေးလုပ်ငန်း ၄ဝ ကျော်ရှိနေပြီး နောက်ထပ် တိုးပွားလာမယ့် အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။ ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်အဖြစ်၊ ခုနစ်ညအိပ် ရှစ်ရက်ခရီး။ ၁၁ ည အိပ် ၁၂ ရက်ခရီး၊ ၁၄ ညအိပ် ၁၅ ရက်ခရီး၊ ၁၇ ရက်အိပ် ၁၈ ရက်ခရီး စသည်ဖြင့် ပို့ဆောင်ပေးကြတာ ဖြစ်ပါတယ်။

ခရီးစရိတ်အနေနဲ့ ငွေကျပ် ၇.၅ သိန်း၊ ၈.၅ သိန်း၊ ၈ သိန်း၊ ၁ဝ သိန်း စသည်ဖြင့် အမျိုးမျိုးသတ် မှတ်ကြပါတယ်။ ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းအများစုကတော့ နိုင်ငံကူးလက်မှတ် Passport ရှိသူ တွေကို သတ်မှတ်နှုန်းထားထက် ကျပ်ငါးသောင်းတိတိ လျှော့ချပေး လေ့ရှိကြောင်းသိရပါတယ်။

ခရီးသွား လုပ်ငန်းတွေအနေနဲ့ ခရီးသည်တွေ အတွက် နိုင်ငံကူးလက်မှတ် Passport ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ ပြည်ပထွက်ခွာခွင့် D.Form ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အိန္ဒိယနဲ့နီပေါနိုင်ငံတွေမှာ နေထိုင်ခွင့် (ဗီဇာ)ရရှိအောင် ဆောင်ရွက်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးကြပါ တယ်။ ထို့အတူ လေဆိပ်အခွန်၊ အသွား၊ အပြန် လေယာဉ်လက် မှတ်ခ၊ ဘုရားဖူးခရီးစဉ်အတွင်း တည်းခိုနေထိုင်စားသောက်စရိတ်၊ ဂိတ်ဝင်ကြေး စတာတွေကိုလဲ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေက အပြည့်အဝ တာဝန်ယူကြရပါတယ်။

''ရန်ကုန်ကနေ စထွက်ပြီး ပြန် ရောက်တဲ့ အချိန်အထိ ဘယ်လို အကြောင်းကြောင့်နဲ့မှ ငွေထပ် ကောက်တာမရှိပါဘူး။ သတ်မှတ်နှုန်း ထားကိုပဲ ကောက်ခံတာပါ။ မြန်မာပြည်ထဲမှာပဲဖြစ်ဖြစ်၊ အိန္ဒိယကိုရောက် နေရင်ပဲဖြစ်ဖြစ်၊ နီပေါကိုရောက်နေ ရင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းပြ ချက်နဲ့မှ ငွေထပ်မကောက်ပါဘူး၊ တခြား ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး အဖွဲ့တွေလဲ ဒီလိုပဲဆောင်ရွက်ကြ တာများပါတယ်။ ငွေထပ်ကောက် တာမရှိကြပါဘူး''လို့ မဇ္ဈိမဂုဏ်၊ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ် ငန်းက ဒေါ်သီတာက ရှင်းပြပါတယ်။

အရင်ကတော့ ဗုဒ္ဓဂယာကို ရန်ကုန်-မန္တလေး မြို့ကြီးတွေက ဗုဒ္ဓ ဘာသာဝင်တွေသာ အသွားများကြ တာပါ။ အခုတော့ အဲဒီလိုမဟုတ် တော့ပါဘူး။ မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေလဲ ဗုဒ္ဓ ဂယာကို အလွယ်တကူသွားရောက် လည်ပတ်နိုင်ကြပြီဖြစ်ပါတယ်။

''အရင်တုန်းကတော့ မြို့ကြီး ကလူတွေပဲ ဗုဒ္ဓဂယာကို သွားကြတာ များပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ နယ်ကလူတွေလဲ သွားကြတယ်။ နယ်ကလူတွေသွား လို့လာလို့ရအောင်လဲ ခရီးသွားလုပ် ငန်းတွေက ကူညီဆောင်ရွက်ပေးနိုင် ပြီဆိုတော့ နယ်ကလူတွေလဲ ဗုဒ္ဓ ဂယာကိုသွားကြတာပေါ့''လို့ ဒေါ်သီ တာက ရှင်းပြပါတယ်။

ရတနာမိုး ဗုဒ္ဓဂယာဘုရားဖူး ပို့ ဆောင်ရေးလုပ်ငန်းက ဒေါ်ကေသီ အောင်ကလဲ... ''အခုနောက်ပိုင်းမှာ နယ်ကနေ ဗုဒ္ဓဂယာကိုသွားတဲ့လူတွေ ပိုများလာ တယ်။ လူငယ်တွေလဲ ဗုဒ္ဓဂယာကို သွားကြတာရှိတယ်။ အရင်ကထက် အရင်ဗုဒ္ဓဂယာကိုသွားကြတဲ့ လူငယ် တွေ ပိုများလာတယ်''လို့ ပြောပြပါ တယ်။

မိဂါဒါဝုန် ခရီးသွားလုပ်ငန်းက ဦးကျော်ဟိန်းကလဲ ''အရင်ကထက်စာရင်တော့ ခရီးသည်များလာပါတယ်။ နယ်ကလူ တွေလဲ သွားကြပါတယ်''လို့ ဆို ပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ ခရီးသည် အတက်အကျ ဆက်စပ်မှုရှိနိုင်ပါသ လားလို့မေးကြည့်တော့ ဦးကျော် ဟိန်းက ''ကျွန်တော်တစ်ဦးတည်း အမြင်အရ ပြောရရင်တော့ ဆက်စပ်မှု မရှိဘူးလို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံရေးအခြေအနေ ကောင်းကောင်း မကောင်းကောင်း ခရီးသည်ကတော့ ရှိနေတာပဲ။ နိုင်ငံ ရေးအခြေအနေမကောင်းလဲ ဘုရားပွင့် တဲ့ဒေသဆိုတော့ လူတွေက သွားနေ ကြတာပါပဲ။ သွားလို့ရရင်တော့ သွားနေကြဦးမှာပါပဲ။ နိုင်ငံရေးအခြေ အနေနဲ့တော့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ ထင်ပါတယ်။ နိုင်ငံရေး အခြေအနေကောင်းလို့ စီးပွားရေးတွေ ပိုကောင်းလာရင်တော့ ခရီးသည်များ လာနိုင်ပါတယ်''လို့ ပြောပြပါတယ်။

ဒေါ်သီတာကတော့ နိုင်ငံရေး အခြေအနေကောင်းရင်တော့ ပြည်သူ တွေရဲ့ စီးပွားရေးတွေကောင်းလာတယ်။ ပြည်သူတွေစီးပွားရေးကောင်း လာရင်တော့ ဗုဒ္ဓဂယာသွားတဲ့ ဘုရား ဖူးတွေလဲ များလာနိုင်ပါတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

မဟာတိုးဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ က ဦးမောင်မောင်အေးကလဲ... နိုင်ငံရေးအခြေအနေနဲ့ ဘုရားဖူး အတက်အကျ ဆက်စပ်မှု မရှိပါဘူး။ နိုင်ငံရေးအခြေအနေ ကောင်းကောင်း မကောင်းကောင်း ဗုဒ္ဓဂယာကို သွားတဲ့ ဘုရားဖူးတွေကတော့ သွားနေ ကြတာပါပဲ။ အန်ကယ်တို့ဆိုရင် ဒီဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းကို ၁၉၉၅ ခုနှစ်က လုပ်ခဲ့ တာပါ။ အန်ကယ့်ဖို့ အတွေ့အကြုံ အရ ဆိုရင် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ခရီးသည်ကတော့ ရှိနေတာပဲ။ အခုနောက်ပိုင်းတော့ ပိုပြီးများလာ တာပေါ့''လို့ပြောပြပါတယ်။

အခုနောက်ပိုင်း ကာလမှာတော့ နယ်ကနေ ဗုဒ္ဓဂယာကို ဘုရားဖူးသွား ကြတဲ့ သူတွေလဲ တစ်နေ့တခြား များ ပြားလာတယ်လို့လဲ ဦးမောင်မောင် အေးက ပြောပြပါတယ်။ မန္တလေးကနေ ဗုဒ္ဓဂယာကို တိုက်ရိုက်ပို့ဆောင်ပေးရတဲ့ ခရီးစဉ် ကလဲ အောင်မြင်မှုရှိပါတယ်လို့ ဦးမောင်မောင်အေးက ဆိုပါတယ်။

နယ်က လူတွေ ဗုဒ္ဓဂယာကို သွားမယ်ဆိုရင် အဓိကလိုအပ်တာက နိုင်ငံကူးလက်မှတ် Passport ပါ။ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းအများ စုကတော့ နိုင်ငံကူးလက်မှတ်ရရှိ အောင်ကူညီပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ဒေါ်သီတာက '' Passport လုပ်မယ်ဆိုရင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနဲ့ မိတ္တူငါးစောင်၊ အိမ်ထောင်စုစာရင်း မူရင်းနဲ့မိတ္တူ ငါး စောင်၊ သံဃာနှင့် သီလရှင်များဖြစ် ပါက သာသနာဝင်ကတ်၊ ရဲစခန်းနဲ့ မြို့နယ် သံဃာနာယကအဖွဲ့တို့ရဲ့ ထောက်ခံစာ၊ အငြိမ်းစားဝန်ထမ်းဖြစ် ပါက ပင်စင်စာအုပ် သို့မဟုတ် အငြိမ်းစားခွင့်ပြုမိန့်၊ အမိန့်စာမူရင်း နှင့် မိတ္တူငါးစောင်၊ ဘွဲ့ရဖြစ်ပါက ပညာရေးကင်းရှင်းကြောင်းပုံစံ (၁၇) မူရင်း စတဲ့ စာရွက်စာတမ်းတွေကို ကျွန်မတို့ဆီ ပို့ပေးရမှာဖြစ်ပါတယ်။ ရန်ကုန်မှာ လာစောင့်နေဖို့ မလိုပါဘူး။ Passport ရမှ အကြောင်းကြားပေး မှာဖြစ်ပါတယ်''လို့ ရှင်းပြပါတယ်။

''ဗုဒ္ဓဂယာကိုသွားဖို့ နှစ်ရက် လောက်ကြိုတင်ပြီး ရန်ကုန်ကိုလာရ မှာပါ။ ရန်ကုန်မှာ တည်းခိုဖို့မရှိရင် တော့ ကျွန်မတို့အိမ်မှာပဲ ခရီးသည် တည်းခိုစေပါတယ်။ ထမင်းလဲ အလကားကျွေးထားပါတယ်။ ရဟန်း၊ သံဃာတော်တွေနဲ့ သီလရှင် တွေကိုတော့ သင့်တော်မယ့်ကျောင်းတိုက်တွေကို ပို့ပြီး ဆွမ်းပို့ပေးပါ တယ်။ အဲဒီအတွက် ငွေကြေးထပ် မံကောက်ခံတာ မရှိဘူး'' လို့လဲ ဒေါ်သီ တာကပြောပြပါတယ်။

ဦးကျော်ဟိန်းကတော့ ''နယ်ကလူတွေအတွက် တကူးတက စီစဉ်ပေးတာ မရှိပါဘူး။ Passport တွေ ဘာတွေလုပ်ဖို့ ရန်ကုန်ဆင်းလာရင်လဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တည်းခိုနေထိုင်ရမှာပါ။ ကျွန်တော်တို့ကတော့ သီးခြားစီစဉ် ပေးတာမျိုးမရှိပါဘူး။ ခရီးထွက်ဖို့ ရန်ကုန်မြို့ရောက်ရင်လဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တည်းခိုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က လုပ် ပေးနိုင်တာတစ်ခုပဲရှိပါတယ်။ ဗုဒ္ဓ ဂယာသွားမယ့်ခရီးသည် အယောက် ၃ဝ ထိရှိမယ်ဆိုရင်တော့ Passport ကိစ္စတွေအတွက် အဲဒီဒေသထိ လိုက် ပြီးဆောင်ရွက်ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရတဲ့အတွက် အပို ကြေးပေးစရာမလိုပါဘူး။ သတ်မှတ် နှုန်းထားအတိုင်းပဲ ပေးချေရတာဖြစ်ပါတယ်'' လို့ ရှင်းပြပါတယ်။
''ကျွန်တော်တို့ကတော့ တစ်လ ကို တစ်ခေါက်ပဲ ပို့ပေးပါတယ်။ တစ်ခါပို့ရင် ၁၅ ယောက်၊ ၁၆ ယောက်ထက် ပိုပြီး မပို့ပါဘူး။ ခရီး သည် ငါးယောက်၊ ခြောက်ယောက်ပဲ ရှိလဲပို့ပေးပါတယ်။ ခရီးသည် နည်း လို့ ခရီးစဉ် ဖျက်သိမ်းရတာမျိုး ငွေပြန် အမ်းတာမျိုး မရှိပါဘူး''လို့လဲ ဦးကျော် ဟိန်းက ထပ်လောင်းပြောပြပါတယ်။
ဦးမောင်မောင်အေးကတော့ ''နယ်ကနေ ရန်ကုန်ရောက် လာရင်တော့ နေထိုင် တည်းခိုစား သောက်ဖို့ ကူညီပေးပါတယ်''လို့ ပြောပြပါတယ်။
''နယ်ကနေ ဗုဒ္ဓဂယာကို သွားရောက်ခဲ့တဲ့ ခရီးသည်အချို့ကတော့ ရန်ကုန်ရောက်မှတော့ ပို့ပေး မယ့် ခရီးသွား ကုမ္ပဏီတွေဆီမှာ တည်းခိုဖို့ အကူအညီမတောင်းဖြစ် တော့ပါဘူး။ ရန်ကုန်မှာ တစ်ရက် နှစ်ရက်ပဲနေရတာ ဆိုတော့ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ပဲ တည်းခိုဖြစ်ပါတယ်။ နယ်က ရန်ကုန်ကိုရောက် လာတဲ့အခါ တည်းခိုနေထိုင်ဖို့စီစဉ် ပေးရင်တော့ ပိုပြီးကောင်းတာပေါ့'' လို့ ပြောပြပါတယ်။

ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတွေက အိန္ဒိယနဲ့ နီပေါနိုင်ငံ တွေမှာရှိတဲ့ သံဝေဇနိယ လေးဌာနကို အဓိကထားပို့ပေးကြတာပါ။ သံဝေ ဇနိယလေးဌာနဆိုတာတွေကတော့ မြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီ အင်ကြင်းတော၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော် ရရှိခဲ့တဲ့ ဗောဓိပင်နှင့် ရွှေပလ္လင်တည်ရှိခဲ့ရာ ဗုဒ္ဓဂယာ၊ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ ဗရာဏသီမြို့ရှိ မိဂဒါဝုန်တောနဲ့ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုသည့် မာလ္လာမင်းတို့၏ အင်ကြင်းရဂုံကုသိနာရုံတို့ ဖြစ်ပါတယ်။

ဘုရားဖူး အများစုကတော့ ၁၇ ည အိပ် ၁၈ ရက်ခရီးစဉ်ကို ရွေးချယ် သွားရောက်လေ့ရှိကြောင်း သိရပါတယ်။

''ငွေ သုံးသိန်း၊ လေးသိန်း ပိုပေးရတာကို မကြည့်ကြတော့ဘူး။ အေးအေးဆေးဆေးလဲ ဖြစ်အောင် နေရာစုံလဲ ရောက်ဖူးအောင်၊ ရက်ရှည်ခရီးစဉ်ကို သွားကြတာများ တယ်''လို့ ဒေါ်သီတာကပြောပြပါ တယ်။

ဦးမောင်မောင်အေးကတော့ ''ခရီးစဉ်ရွေးချယ်တဲ့ နေရာမှာ တော့ ငွေကြေးအနည်းအများကို ကြည့်ပြီး ရွေးချယ်ကြတာ မဟုတ်ပါဘူး။ အချိန်ကိုကြည့်ပြီး ရွေးကြတာ များပါတယ်။

အချို့ကလဲ အချိန်မရ လို့ ခုနစ်ရက်ခရီးကို ရွေးချယ်ကြတာပါ။ ဖွား၊ ပွင့်၊ ဟော၊ စံလို့ခေါ်တဲ့ နေရာဌာန လေးခုကို အဓိကထား သွားကြတဲ့ လူတွေလဲရှိပါတယ်။ ၁၄ ရက်ခရီးကိုတော့ အချိန်ရော၊ ငွေကြေး ရော ဖောဖောသီသီ သုံးနိုင်တဲ့သူတွေ သွားကြတာများပါတယ်''လို့ ရှင်းပြ ပါတယ်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List