Wednesday, April 11, 2012

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် ယခင်နှစ်ထက် ပိုချထားပေး ၊ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်တွင် ရေကစားမဏ္ဍပ် အများဆုံးတည်ရှိမည်


ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ဆောက်လုပ်ဆဲမဏ္ဍပ်တစ်ခုကို တွေ့ရစဉ်
ယခုနှစ်ရန်ကုန်သင်္ကြန်အတွက်မဏ္ဍပ်ဆောက်လုပ်ခွင့်များအားပြီးခဲ့သည့်နှစ်ထက်ပိုမိုချထားပေးခဲ့ကြောင်းမဏ္ဍပ်စာရင်းများအရသိရှိရသည်။မဏ္ဍပ်စာရင်းများအရကန်တော်ကြီးကန်ပတ်လမ်းတစ်လျှောက်တွင် ရေကစားမဏ္ဍပ်အကြီး၂၀ခန့်ဖြင့်အများဆုံးရှိမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန်အတွက် ကန်တော်ကြီး ကန်ပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ဆရာစံလမ်း၊ စက်မှု ၁ လမ်းစသည်တို့တွင် ရေကစားမဏ္ဍပ် အကြီးစုစုပေါင်း ၃၁ ခု ခန့်သာခွင့်ပြုခဲ့ သော်လည်း  ယခုနှစ် သင်္ကြန်တွင် အဆိုပါနေရာများ၌ မဏ္ဍပ်အကြီး စုစု ပေါင်း ၄၀ ကျော်ကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဒီနေရာတွေမှာ မဏ္ဍပ်အကြီးတွေ ရှိမယ်
ယခုနှစ်သင်္ကြန်တွင် ကန်တော်ကြီးကန်ပတ်လမ်းတွင် ပေ ၁၀၀ ရှိ သော မဏ္ဍပ်အကြီး ၂၀ ခု၊ ပြည်လမ်း တွင် ငါးခု၊  ကမ္ဘာအေးစေတီလမ်း တွင် ရှစ်ခုခန့်၊ ဆရာစံလမ်းတွင် သုံးခု၊ အလုံလမ်းတွင် သုံးခုအပါအ၀င် ရေ ကစားမဏ္ဍပ် အကြီးစုစုပေါင်း ၄၄ ခုရှိ မည်ဖြစ်ကြောင်းသိရသည်။  ပြီးခဲ့သည့်  ၂၀၁၁ ခုနှစ် သင်္ကြန်က  ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ခုနစ် ခုသာ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ပြီးခဲ့ သည့်နှစ်က ကမ္ဘာအေးစေတီ လမ်းတွင် မဏ္ဍပ်သုံးခုခန့်သာဆောက်လုပ်ခွင့်ပြု ခဲ့ကြောင်းသိရသည်။ ရေကစားမဏ္ဍပ် အများဆုံးဖြင့် အစည်ကားဆုံးဖြစ် သော အင်းယားလမ်းအပြင်တက္ကသိုလ် ရိပ်သာလမ်းတွင်ပါမဏ္ဍပ်ဆောက်လုပ် ခွင့်များ ချထားပေးခြင်းမရှိကြောင်း၊ အဆိုပါနှစ်နေရာတွင် မဏ္ဍပ်ဆောက် လုပ်ခွင့်မပြုခဲ့သည်မှာ ယခုနှစ်အပါ အ၀င် သုံးနှစ်ရှိနေပြီဖြစ်သည်။
အခြားမြို့နယ် နေရာများတွင် လည်း ရေကစားမဏ္ဍပ်အလတ်နှင့် အသေးများလည်းရှိမည်ဖြစ်ကာ ခရိုင် အလိုက် ရေကစားမဏ္ဍပ်များလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။

ပြည်လမ်းပေါ်ရှိ Alpine မဏ္ဍပ်ဆောက်လုပ်မှုမြင်ကွင်း
သင်္ကြန်မဏ္ဍပ်တွေ ဒီလိုချပေးခဲ့တယ်
ယခုနှစ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် မတ်လ တတိယပတ်အတွင်းက လျှောက်ထားစေခဲ့ခြင်းဖြစ်ပြီး မတ်လနောက်ဆုံးပတ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်များ ချထားပေးခဲ့ခြင်းဖြစ်ကာ ယခုအခါ ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် မဏ္ဍပ်များဆောက်လုပ်နေသည်ကို တွေ့ရသည်။
“ကျွန်တော်တို့ကို မတ်လ ၁၉ ရက်နေ့မှာ မဏ္ဍပ်လျှောက်ဖို့အတွက်ကို မြို့တော်စည်ပင်ကအစည်းအဝေး ခေါ်ယူပါတယ်။ အဲဒီအစည်းအဝေးပြီးတော့ ချက်ချင်းလျှောက်လွှာတင် ပြီး လျှောက်ထားစေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က မနှစ်က ကန် တော်ကြီးပတ်လမ်းမှာမဏ္ဍပ်လျှောက် ခဲ့တာမရတဲ့အတွက် ဒီနှစ်မှာ အဲဒီလူ တွေကို ဦးစားပေးပြီး မဏ္ဍပ်ဆောက် လုပ်ခွင့်တွေ ချထားပေးတယ်လို့ သိရ ပါတယ်။ ဒီနှစ်မှ အသစ်လျှောက်ထား တဲ့သူတချို့တောင် ဆောက်ခွင့်မရ တာတွေရှိခဲ့ပါတယ်”ဟု ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ် ခွင့်ရရှိခဲ့သူတစ်ဦးကပြောပြခဲ့သည်။
ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် စိတ်ဝင်စားသူများ ပြားပြီး မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ် ကျထားပြီးသူများထံမှ မဏ္ဍပ်ဆောက် လုပ်ခွင့်ရရှိသည့် နေရာပေါ်မူတည်၍ မဏ္ဍပ်တစ်ခုလျှင် ကျပ်သိန်း ၉၀၊ ၇၀၊ ၆၀ ဖြင့် ပြန်လည်ဝယ်ယူမှုများရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့်နှစ် သင်္ကြန်က မဏ္ဍပ်ပါမစ်ဈေးနှုန်းများမှာ ယခုနှစ်ကဲ့သို့ မရှိခဲ့ဖူးကြောင်း သိရသည်။
မဏ္ဍပ်မှာရေကစားမှာလား၊ လည်မှာလား 
ယခုနှစ်သင်္ကြန်အတွက် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းစသည်တို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ပြီးခဲ့သည့်နှစ်ထက် ရက်စော၍ ဆောက်လုပ်ခွင့်ပေးခဲ့ပြီး မဏ္ဍပ်များမှာ ရေကစား လက်မှတ်များကို ရောင်းချနေကာ သင်္ကြန်ငါးရက်စလုံး ရေပက်ခွင့် လက်မှတ်များကို မဏ္ဍပ်အချို့မှ  ကျပ် ၅၀၀၀၀၊ မဏ္ဍပ်အချို့မှ ကျပ် ၄၅၀၀၀ ဖြင့် ရောင်းချနေ၍ ရက်အလိုက် တစ်ရက်လျှင် ကျပ် ၁၀၀၀၀၊ ၁၅၀၀၀ စသည်ဖြင့်လည်း ရေကစားလက် မှတ်များကို ဈေးနှုန်းသတ်မှတ်ထား ကြောင်း သိရသည်။ ရေကစားမဏ္ဍပ် အချို့တွင် ရေကစားလက်မှတ်များကို ရာနှင့်ချီကာရောင်းချထားပြီးဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့မဏ္ဍပ်မှာတော့ ရေကစားလက်မှတ်ကို ၃၀၀ လောက် ရောင်းပြီးပါပြီ။  ကျွန်တော်တို့တွေက သူငယ်ချင်းတွေစုပြီး အင်းယားလမ်း မှာကတည်းက မဏ္ဍပ်ဆောက်ခဲ့တာ ပါ။ ပြီးခဲ့တဲ့နှစ်ကတော့မဏ္ဍပ်ဆောက် တာအရှုံးပြခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ စည်ကားနိုင်မယ်လို့တွက် ထားပေမယ့် အားတော့မရသေးဘူး”ဟု   ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်နေသူတစ်ဦးကပြော ပြခဲ့သည်။
မဏ္ဍပ်တွင် ရေမကစားလိုသူများ အနေဖြင့်လည်း ကားဖြင့်လည်ပတ်ရန် ကားငှားရမ်းမှုများလည်း များပြားလျက်ရှိသည်ဟု ကားငှားရမ်းသည့်လုပ်ငန်း များထံမှသိရသည်။ သို့သော် ယခုနှစ် သင်္ကြန်အနေအထားရ ကားဖြင့် လည်ပတ်မည့်သူထက် မဏ္ဍပ်ထိုင်သူဦးရေမှာ ပိုမိုများပြားနေသည်ဟု စုံစမ်းသိရှိ ရသည်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
အရင်နှစ်တွေထက် စည်ကားနိုင်တယ်လို့ ပြောနေကြတဲ့ ၂၀၁၂ ရန်ကုန်သင်္ကြန်
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အကြီးများကို ပိုမိုချထားပေး ခဲ့ခြင်း၊ သင်္ကြန်ကာလ ငါးရက်ကျမည်ဖြစ်သောကြောင့် ပြီးခဲ့သည့်နှစ်ထက် စည်ကားမှုပိုမိုနိုင်ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများက ခန့်မှန်းထားကြသည်။ ထို့အပြင် သင်္ကြန်မဏ္ဍပ်များတွင် စပွန်ဆာပေးရန် စိတ်ဝင်စား၍ ကမ်းလှမ်းမှုမှာလည်း ပြီးခဲ့သည့် နှစ်ထက် ပိုမိုနေကြောင်း ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်ဆောက် လုပ်နေသည့်သူတစ်ဦးက ပြောပြခဲ့သည်။
သို့သော် ယခုနှစ်တွင် သစ်ဈေး နှုန်းများမှာ ပြီးခဲ့သည့်နှစ်ထက် မြင့်တက်လာပြီး သစ်တစ်တန်လျှင် ၆ သိန်း ဈေးနှုန်းပေါက်နေကြောင်း သိရသည်။
“ဒီနှစ်သင်္ကြန်ကလည်း ငါးရက် ဆိုတော့ အရင်နှစ်တွေထက်စည်မယ် လို့တော့မှန်းထားတယ်။ လုံခြုံရေး အပိုင်းကိုလည်း ပိုပြီးတာဝန်ယူရမယ်။ CCTV ကင်မရာ၊ လုံခြုံရေးစသည် ဖြင့် ငှားရမ်းပြီးပါပြီ။  မဏ္ဍပ်ဆောက် ဖို့ သစ်ဈေးနှုန်းကလည်း မနှစ်ကထက် ဈေးတက်လာတော့ ကုန်ကျ စရိတ် မနှစ်ကထက် ပိုများတယ်။ ကျွန်တော်တို့မဏ္ဍပ်ဆောက်လုပ်တာ ခန့်မှန်းကုန်ကျငွေသိန်း ၄၀၀ ကျော် လောက်ကျတယ်”ဟု  ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်နေသည့် ငွေပိတောက် (Round Pointer) မဏ္ဍပ်တာဝန်ခံဖြစ်သူက ပြောပြခဲ့သည်။
မဏ္ဍပ်အကြီးတွေ လုံခြုံရေးအရ CCTV တပ်ရမယ် ဆောက်လုပ်ခွင့် ရရှိခဲ့သော မဏ္ဍပ်များအတွက် စည်းကမ်းချက် များအား ပြီးခဲ့သည့်နှစ်ကအတိုင်း ထုတ်ပြန်ထားပြီး ပေ ၁၀၀ မဏ္ဍပ် အကြီးများအနေဖြင့် လုံခြုံရေးအရ   CCTV ကင်မရာများ တပ်ဆင်သွားရ မည်ဖြစ်ကြောင်း သိရသည်။ ခွင့်ပြု ချက်ရရှိခဲ့သော မဏ္ဍပ်များအနေဖြင့် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ ကို ပေးသွင်းထားရပြီးမဏ္ဍပ်အကြီးတစ်ခု လျှင်သန့်ရှင်းရေးအတွက် ကျပ် ၆၀၀၀၀၊ လမ်းလျော်ကြေးအတွက် ကျပ် ၇၀၀၀၀ ကိုလည်းကောင်း၊ မဏ္ဍပ်အလတ်များအနေဖြင့် သန့်ရှင်းရေးအတွက် ကျပ် ၅၀၀၀၀၊ လမ်း လျော်ကြေးအတွက် ကျပ် ၄၀၀၀၀၊ မဏ္ဍပ်အသေးများအနေဖြင့် သန့်ရှင်းရေးအတွက် ကျပ် ၃၀၀၀၀၊ လမ်း လျော်ကြေးအတွက် ကျပ် ၂၀၀၀၀ စ သည်ဖြင့် ပေးသွင်းရကြောင်းလည်း သိရှိရသည်။
မဏ္ဍပ်သုံးစွဲမယ့်ရေကို ဒီလိုပေးမယ်
ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း နှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့ရှိ မဏ္ဍပ်များအတွက် အင်းယားကန်နှင့် ကန်တော်ကြီးမှရေကို အဓိကထားသုံး စွဲစေမည်ဖြစ်ကြောင်း၊   အခြားနေရာ များတွင် လျှောက်ထားသောမဏ္ဍပ် များအတွက်ကိုမူ အ၀ီစိတွင်း၊ လှော် ကား၊ ဖူးကြီး၊ ဂျိုးဖြူစသည့်ရေလှောင် ကန်များမှ ရေကို သုံးစွဲစေမည်ဖြစ် ကြောင်း သိရသည်။
ရေဆက်သွယ်ခများအနေဖြင့်  ကန်တော်ကြီးကန်နှင့် အင်းယားကန် တို့မှ ရေသွယ်ယူပါက အချင်းသုံး လက်မပိုက်လိုင်းတစ်လိုင်းလျှင်ကျပ် ၂၂၀၀၀၀ ဖြစ်ပြီး အ၀ီစိ၊ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူရေလှောင်ကန်နှင့် ငမိုး ရိပ်ရေလှောင်ကန်တို့မှ ရေသွယ်ယူပါ က အချင်းတစ်လက်မနှင့်တစ်လက်မ ခွဲတစ်လိုင်းလျှင် ကျပ် ၈၀၀၀၀ နှင့် နှစ်လက်မပိုက်တစ်လိုင်းလျှင် ကျပ် ၁၂၀၀၀၀ အထိရပြီး ယခုနှစ်တွင် ရေ ဆက်သွယ်ခနှုန်းထားများကို ပြီးခဲ့သည့်နှစ်ကထက် တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့နှစ်သင်္ကြန်က ကန်တော်ကြီး ကန်နှင့် အင်းယားကန်တို့မှ ရေဆက် သွယ်ယူပါက အချင်းသုံးလက်မပိုက် လိုင်းတစ်လိုင်းလျှင် ကျပ် ၂၀၀၀၀၀ ရှိပြီး ရန်ကုန် အ၀ီစိ၊ လှော်ကား၊ ဖူး ကြီး၊ ဂျိုးဖြူရေလှောင်ကန်တို့မှ သွယ် ယူပါက အချင်းတစ်လက်မနှင့် တစ် လက်မခွဲပိုက်လိုင်းတစ်လိုင်းလျှင်  ငွေ ကျပ် ၆၀၀၀၀ နှင့် နှစ်လက်မပိုက်ဖြင့် ရေ သွယ်ယူပါက ငွေကျပ် ၁၀၀၀၀၀  သတ်မှတ်ထားကြောင်း သိရသည်။
သင်္ကြန်မှာ ခရိုင်အလိုက် ယိမ်းအဖွဲ့ ပြိုင်ပွဲတွေ လုပ်ဖို့စီစဉ်ထားတယ်
ယခုနောက်ပိုင်းနှစ်သင်္ကြန်များ တွင် မြင်တွေ့ရနည်းပါးသော သင်္ကြန် ယိမ်းအဖွဲ့အကများကိုလည်း ယခုနှစ် သင်္ကြန်တွင် ခရိုင်အလိုက် ပြိုင်ပွဲများ ပြုလုပ်ပေးသွားရန်ရှိပြီး  ရန်ကုန်မြို့ တော်ဝန်မဏ္ဍပ်တွင် ဆုပေးမည့် အစီ အစဉ်လည်းရှိသည်ဟု  သိရသည်။
၂၀၁၀ သင်္ကြန်က အဖြစ်ဆိုးမျိုးတွေနဲ့ လွဲဖယ်ချင်တယ်
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ အစည်ကားဆုံးဖြစ်သော အင်းယားလမ်းတွင် မဏ္ဍပ်ဆောက် လုပ်ခွင့်မပြုခဲ့ခြင်းကြောင့် ၂၀၁၀ ပြည့် နှစ်သင်္ကြန်မှာ စည်ကားမှုလျော့ကျခဲ့ သည့်အပြင် ယင်းနှစ်သင်္ကြန် အကြတ် နေ့တွင် ကန်တော်ကြီးကန်ပတ်လမ်း ရှိ မဏ္ဍပ်တစ်ခုရှေ့တွင် ဗုံးပေါက်ကွဲခဲ့ ခြင်းကြောင့် လူအများအပြားသေဆုံး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။
“၂၀၁၀  သင်္ကြန်က အဖြစ်ဆိုး ကြီးလိုမျိုး ဒီနှစ်သင်္ကြန်ကာလမှာ ထပ် မဖြစ်ချင်ဘူး။ လူအများ ပျော်ရွှင်နေ တဲ့အချိန်မှာ ဒီလိုအဖြစ်ဆိုးမျိုးကြီးနဲ့ လွဲဖယ်ချင်တယ်”ဟု အသက် ၂၅ နှစ် အရွယ် လူငယ်တစ်ဦးက ပြောပြ ခဲ့သည်။ ယင်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သင်္ကြန်ကာလမှာ လုံခြုံရေးများ ပိုမိုတင်းကျပ်ခဲ့သော်လည်း စည်ကားမှုလျော့ကျကာ အေးစက်ခဲ့ကြောင်း၊  လုံခြုံရေးပိုင်းကိုသာ အဓိကထား စီမံခန့်ခွဲ ရခြင်းကြောင့် စည်ကားမှုအပိုင်း လျော့ကျခဲ့သည်ဟု ၂၀၁၁ ခုနှစ် သင်္ကြန်ကာလအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်များလိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်းချက်အချို့
  • မဏ္ဍပ်များတွင် ကြော်ငြာများထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သတ်သောကြော်ငြာများ ထည့်သွင်းခြင်းမပြုပါ။
  • မဏ္ဍပ်များတွင် နာမည်ကြီး အဆိုတော်များ ဖျော်ဖြေမည်ဆိုပါက ပထမပိုင်းတွင်ဖျော်ဖြေရန်နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူရန်။
  • မဏ္ဍပ်အကြီးများတွင် လိုအပ်သောနေရာများ၌ လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ရမည်၊
  • သင်္ကြန်မဏ္ဍပ်၏ နောက်ခံကားချပ် အပြင်အဆင်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် အမည်စစ်စစ်ကိုသာ ရေးဆွဲရန်။
  • ခွင့်ပြုချက်ရရှိသည့် သင်္ကြန်မဏ္ဍပ်ကြီး (ပေ ၅၀ နှင့်အထက်)များသည် မြန်မာ့ရိုးရာယိမ်းအဖွဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗဟိုမဏ္ဍပ်တွင် ပါဝင်ယှဉ်ပြိုင်စေရေး ဆက်သွယ်ရန်။
  • ရေပက်ခံသူများ ထိခိုက်နာကျင်မှုဖြစ်စေသည့် ရေအားပြင်းသော ပိုက်များအသုံးပြု၍ ရေပက်ခြင်း လုံးဝမပြုလုပ်ရ။
  • မဏ္ဍပ်အတွင်း အပြင်၌ဖြစ်စေ၊ ရေကစားယာဉ်များ၌ဖြစ်စေ၊ လူကိုထိခိုက်စေသော တုတ်၊ ဓား၊ လက်နက်ကိရိယာများတင်ဆောင်ခြင်း၊ ကိုင်တွယ်အသုံးပြု ခြင်းလုံးဝမပြုလုပ်ရန်နှင့် တွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်။
  • မဏ္ဍပ်၏ ကြံ့ခိုင်မှုကို အသုံးမပြုမီ မပျက်မကွက် စစ်ဆေးရမည်။ လာရောက်စစ်ဆေးသောအဖွဲ့၏ ညွှန်ကြားချက်အတိုင်း လိုအပ်ချက်များကို အတိအကျ ပြင်ဆင်ဆောင်ရွက်ရမည်။
Eleven Media Group

    No comments:

    Post a Comment

    My Blog List