Friday, August 30, 2019

ပင်လယ်ပြင်ကို ဦးရှင်ကြီး ပိုင်သည်ဆိုသည့် ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်


Image may contain: 1 person
ပင်လယ်ပြင်ကို ရေလုပ်သားများမပိုင်ဘဲ ရေငန်ပိုင်ဦးရှင်ကြီး ပိုင်သည်ဆိုသည့် ကိုယ်စားလှယ်၏ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း အမျိုးသားလွှတ် တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

"တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက ပင်လယ်ပြင်ကို ရေလုပ်သားများမပိုင်ဘဲ ရေငန်ပိုင် ဦးရှင်ကြီး ပိုင်တယ်လို့ မေးခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ -၅ မှာ နိုင်ငံတော်၏ မြေထု ၊ ရေထုနှင့် လေထုပါဝင်သော နယ်နိမိတ်သည် အခြေခံဥပဒေ တည်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်လို့ပါရှိတဲ့အတွက် ဦးဥက္ကာမင်းရဲ့မေးခွန်းမှာ ပြောဆိုချက်ကို မှတ်တမ်းက ပယ်ဖျက်ကြောင်း ကြေညာပါတယ်"ဟု မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ-၃၉ နည်းဥပဒေခွဲ(ဆ)တွင်လွှတ်တော်အစည်းအဝေးများတွင် မဖွယ်မရာသောအသုံးအနှုန်းများဖြင့် ပြောကြားခြင်းမပြုရန် စည်းကမ်းသတ်မှတ်ထားကြောင်း၊ ထို့ကြောင့် နောက်နောင် မေးခွန်းမေးမြန်းရာတွင်လည်းကောင်း၊ ဆွေးနွေးရာတွင်လည်းကောင်း မဖွယ်ရာသောအသုံးအနှုန်းများမပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
သြဂုတ် ၂၉ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ၀န်ကြီးဌာနမှ ဆောင်ရွက်နေသည့်အခြေအနေနှင့် မည်သည့်ကာလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာတွင် ယင်းကဲ့သို့ပါရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်၏ မေးမြန်းချက်အပေါ်လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က အသစ်ရေးဆွဲထားသော ပင်လယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း)တွင် အခန်း ၁၆ ခန်း၊ပုဒ်မ-၇၇ခု ပါဝင်ကာ ရည်ရွယ်ချက်ခြောက်ချက်ဖြင့် ရေးဆွဲထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သဘောထားမှတ်ချက် ပြန်လည်ပေးပို့လာပါက ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သတင်း - မင်းမင်းထွန်း
သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List