Thursday, June 13, 2013

ဗဟို USDP အတွင်းရေးမှူး သူရ အောင်ကို ချင်းပြည်နယ်ရောက်ရှိ

Thursday, June 13, 2013

ဗဟို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး သူရ ဦးအောင်ကိုသည် ချင်းပြည်နယ်ရှိ ၄င်းတို့ ပါတီ တာဝန်ရှိများနှင့် တွေ့ဆုံရန် မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါး သို့ရောက်ရှိကြောင်း သိရသည်။
မေလ ၃၁ ရက်နေ့က ပြည်နယ်ကြံ့ခိုင်ရေး အစည်းအဝေးခန်းမတွင် ပြည်နယ်ကြံ့ခိုင်ရေး ဥက္ကဌ ပူး ဟုန်းငိုင်၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်များ၊ ကျေးရွာအဆင့် စည်းရုံးရေးမှူး ၄၉ ဦး စုစုပေါင်း ၇၅ ဦး ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် လူထု ဆက်ဆံရေး၊ ပါတီ၏ လုပ်ငန်းဆောင်ရွက်မှု၊ ပါတီမူဝါဒနှင့် လူထု ဆက်ဆံရေး၊ ဗဟိုနှင့် ပြည်နယ်အကြားဆက်သွယ်ရေးနှင့် ကျေးလက်ဒေသခံတွေလိုအပ်ချက်များကို တွေ့ဆုံရှင်းလင်းမှုပြု ခဲ့ကြသည်ဟု ပြော ကြသည်။“ တခုလုံးခြုံပြောရယင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ ပြောရမှာပါ၊ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဗဟို ကြံ့ခိုင်ရေးပါတီမှ ပထမဦးဆုံးခရီးစဉ်ဖြစ်ပါတယ် ” ဟု ယူအက်စ်ဒီပီ ပါတီဝင်တဦးက ပြောသည်။

တွေ့ဆုံပွဲတွင် လေမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဟားခါးမြို့နယ် Dauchin ကျေးရွာ အုပ်စု ဥက္ကဌက တင်ပြသည့် ကျေးရွာဆေးပေးခန်းအတွက် သွပ်ပြား အချပ် ၃၀ နှင့် သွပ်မှိုများကို အရေးပေါ်ထောက်ပံ့ ခဲ့သေးကြောင်း အစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။လေ့လာချက်များအရ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပါတီများအပြင် ကြံ့ဖွံ့ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီများ အကြိတ်အနယ်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
သူရ ဦးအောင်ကို သည် ဇွန်လ ၁ ရက်နေ့တွင် ထန်တလန်မြို့သို့ နေ့ချင်းပြန်သွားပြီး ဇွန်လ ၂ ရက်နေ့တွင် စစ်ကိုင်း တိုင်း ကလေးမြို့သို့ ပြန်လည်ထွက်ခွါသွားသည်ဟု သိရသည်။

ခိုနှုမ်းထုန်

No comments:

Post a Comment

My Blog List