Tuesday, June 11, 2013

ဒေါ်လာဈေး ကျပ် ၉၅၀ အထိ မြင့်တက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်၊ ဆီ၊ သား ငါးနှင့် အခြေခံ စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ အထိ ဈေးတက်

ဆန်၊ ဆီ၊ သား ငါး အပါအ၀င် အခြေခံ စားသောက်ကုန်များမှာ တစ်လအတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အခြေခံ စားသောက်ကုန်များထဲတွင် အများသုံး ဆန်ကြမ်းမှာ လက်လီ ဈေးကွက်အတွင်း တစ်ပြည်လျှင် ကျပ် ၁၀၀ ကျော်၊ တစ်အိတ်လျှင် ကျပ် ၃၀၀၀ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။
အများပြည်သူ အဓိက မှီခို စားသုံးရသည့် ငါးမြစ်ချင်း၊ ငါးကြင်းဈေးနှုန်း များမှာလည်း တစ်လအတွင်းမှာပင် ငါးမြစ်ချင်းဆိုပါက ယခင် တစ်ပိဿာ ကျပ် ၂၅၀၀ ၀န်းကျင်သာ ရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ သို့လည်းကောင်း၊ ယခင် တစ်ပိဿာ ကျပ် ၄၀၀၀ ၀န်းကျင်ရှိသည့် ငါးမြစ်ချင်းမှာ ယခု တစ်ပိဿာ ကျပ် ၆၅၀၀ သို့ လည်းကောင်း မြင့်တက်လာခဲ့သည်။
ဈေးအပေါဆုံး ပင်လယ်ငါးများပင် ဈေးနှုန်း မြင့်တက် လာခဲ့ပြီး ယခင် ဒိုင်ဈေး တစ်ပိဿာ ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသည့် ငါးသေတ္တာငါးမှာ တစ်ပိဿာ ကျပ် ၁၈၀၀ (ဒိုင်ဈေး) သို့ မြင့်တက် လာကြောင်း သိရသည်။
ငါးဈေးမြင့်တက်သည့်အပေါ် လက်လီ ငါးရောင်းသူ တစ်ဦးက ''ဗဟိုစံပြငါးဈေးမှာသွားယူရတယ်။ ငါးဒိုင်တွေမှာ ကျွန်မက အရင်က နေ့တိုင်း တစ်ရက်ကို ၁၀ ပိဿာ ၀ယ်တယ်။ တန်းစီပြီး ၀ယ်ရတယ်။ အခု ကျွန်မအလှည့် ရောက်လည်း ရောက်ရော ဘယ်လောက်ယူမလဲ မေးတယ်။ ၁၀ ပိဿာလို့ ပြောတော့ တောင်းကိုချက်ချင်းယူပြီး လွှင့်ပစ်လိုက်တယ်။ ပိဿာ ၂၀၊ ၃၀ အနည်းဆုံးထားပြီး ၀ယ်တဲ့သူတွေကိုပဲ ဦးစားပေး ရောင်းတော့တယ်။ ကျွန်မကလည်း တစ်ရက်ကို အချိန် ၁၀ လောက်ပဲ ကုန်တော့ ပိုမ၀ယ်နိုင်ဘူး။ အခု ငါးမရလို့ ဈေးမရောင်းဖြစ်တာ ငါးရက်ရှိနေပြီ။ ငါးဈေးတက်ပြီး ဒိုင်မှာ ငါးလိုသလောက် မရလို့ ဖြစ်တာပါ။ တချို့ငါးတွေကတော့ ဒိုင်ဈေးကို ခုန်တက်လာတာ'' ဟု ပြောပြသည်။
စားအုန်းဆီမှာလည်း တစ်ပိဿာ ကျပ် ၁၀၀ မြင့်တက်လာပြီး ယခင် ပိဿာလိုက် ဈေးနှုန်းဖြစ်သည့် တစ်ပိဿာ ကျပ် ၁၅၀၀ မှ ကျပ် ၁၆၀၀ သို့မြင့်တက်လာခဲ့ပြီး လက်လီ ၀ယ်ယူစားသုံးရသူများမှာ တစ်ဆယ်သားလျှင် ကျပ် ၁၇၀ မှ ကျပ် ၁၈၀ (တစ်ပိဿာ ၁၇၀၀ မှ ၁၈၀၀ ကျပ်) အထိ ပေးဝယ်နေကြ ရကြောင်း သိရသည်။
ပဲရောဆီမှာလည်း ထိုသို့ပင် ယခင် တစ်ပိဿာ ကျပ် ၂၄၀၀ ရှိရာမှ ယခု တစ်ပိဿာ ကျပ် ၂၅၀၀ အထိ မြင့်တက်လာသည်ဟု သိရသည်။အမဲသားမှာလည်း ယခင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိဿာ ကျပ် ၇၀၀၀ သို့လည်းကောင်း၊ ၀က်သားမှာ တစ်ပိဿာကျပ် ၅၀၀၀ မှ ယခု တစ်ပိဿာ ကျပ် ၆၀၀၀ သို့လည်းကောင်း စသည်ဖြင့် အသားဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
အာလူးဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၇၀၀ အမြင့်ဆုံးရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၁၀၀၀ (ဈေးအမြင့်ဆုံး အစား) အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။ အခြားသော အခြေခံ စားသောက်ကုန်များထဲတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် အချို့မှာလည်း ဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။
လက်ရှိတွင် တစ်လအတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သည့် အနေအထားကို ခြုံကြည့်ပါက အခြေခံ စားသောက်ကုန်များမှာ အမျိုးအစားအလိုက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ အများဆုံး ရာခိုင်နှုန်း ၆၀ ကြား ဈေးနှုန်းမြင့်တက်လာကြောင်း သုံးသပ်တွေ့ရှိရသည်။
ထိုသို့ ဆန်ကြမ်းဈေးနှုန်း ယခုလို မြင့်တက်လာသည့် အတွက် မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကို ပင် နှစ်လ အထိ ရပ်ဆိုင်းထားတော့မည်ဟု သိရသည်။
ထိုသို့ဈေးနှုန်း မြင့်တက်လာရသည့် အဓိက အကြောင်းအရာများအနက် အများစုမှာ အမေရိ ကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်ခြင်းကြောင့် ဖြစ်ပြီး အချို့စားသောက်ကုန်များမှာ ရောင်းလိုအားနှင့် ၀ယ်လိုအား မမျှသည့်အတွက် ယခုလို ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ နှစ်လအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၇၀ ၀န်းကျင်မှ ယခုအခါ တစ်ဒေါ်လာ ကျပ် ၉၅၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်သည့်အတွက် ပြည်ပမှ ဒေါ်လာ အသုံးပြု တင်သွင်းရသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်း၊ စက်သုံးဆီဈေး အနည်းငယ်မြင့် တက်သည့်အတွက် ပြည်တွင်းအခြေခံ စားသောက်ကုန်များ၏ သယ်ယူစရိတ် အနည်းငယ် လိုက်ပါမြင့်တက်မှုအပေါ် မူတည်၍လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်ခဲ့သည်။
အခြေခံ စားသောက်ကုန်များအပြင် မိုးစပါးအတွက် တင်သွင်းသည့် ဓာတ်မြေသြဇာ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သည့်အတွက် တောင်သူများ ယခုနှစ် မိုးစပါးအတွက် အမြင့်ဈေးဖြင့် ၀ယ်ယူ အသုံးပြုရတော့မည် ဖြစ်သည်။

No comments:

Post a Comment

My Blog List