Thursday, October 17, 2019

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ Rising Star Award ချီးမြှင့်ခံရ


Image may contain: one or more people, people sitting and indoor

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအား နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်ကြသည့် GovInsider Innovation Award အဖွဲ့အစည်းနှင့် United Nation Economic & Social Commission for Asia Pacific (UNESCAP) အဖွဲ့အစည်းတို့ပူးပေါင်း၍ Rising Star Award ဆုကို အောက်တိုဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက်မှုများရှိလာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၏ စောင့်ကြည့်လေ့လာ အကဲဖြတ်သုံးသပ်ချက်များအပေါ် မူတည်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီက ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
“ဒီဆုချီးမြှင့်ပေးအပ်ပွဲကို တက်ရောက်ယူဖို့ မြို့တော်ဝန်ကြီးကို ဖိတ်ကြားပေမယ့် အလုပ်တာဝန်တွေများပြားလို့ မတက်ရောက်နိုင်တဲ့အတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားကို ဗီဒီယိုကနေ ပြောကြားခဲ့ပါတယ်။ ဒီဆုက မြို့တော်ဖွံ့ဖြိုးတိုးတက်အောင် အီလက်ထရောနစ် နည်းပညာတွေနဲ့ စမ်းသစ်တီထွင်ပြီး ဆောင်ရွက်မှုတွေအပေါ်မှာ အသိအမှတ်ပြုပြီး အဓိက ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့တော် စည်ပင်အနေနဲ့ လက်ရှိမှာ နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေ အထိုက်အလျောက်ရရှိနေပါတယ်။ ဒီလိုချီးမြှင့်ခံရတာကလည်း မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စည်ပင်က ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း ပါဝင်ပါတယ်။ ဒီလိုကြိုးစားမှုကြောင့် အသိအမှတ်ပြုခံရတာဖြစ်သလို တစ်ဖက်မှာလည်း အသိအမှတ်ပြုခံရတာနဲ့အမျှ တာဝန်ပိုကြီးပါတယ်။ အသိအမှတ်ပြုတာနဲ့ ထိုက်တန်အောင် ပိုပြီးကြိုးစားရမယ်လို့ ကျွန်တော်တို့အားလုံး ခံယူထားပါတယ်” ဟု ၎င်းကပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအား နိုင်ငံတကာမှ အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သည့် ဆုများအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် Smart City မြို့တော်အဖြစ် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အလားအလာ အကောင်းဆုံး အဆင့် ၅ ခုမြောက် မြို့တော်အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံရပြီး ၂၀၁၉ ခုနှစ်အတွင်း၌လည်း ၎င်းဆုအမျိုးအစားကို ထပ်မံချီးမြှင့်ခြင်းခံရသည့်အပြင် နိုင်ငံတကာအဆင့်မီ အများသုံးသန့်စင်ခန်းများ တည်ဆောက်မှုအတွက် ASEAN Public Toilet Awards ဆုကိုလည်းကောင်း၊ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Asian-Oceanian Computing Industry Organization (ASOCIO) မှ ASOCIO Smart City Awards ဆုကို လည်းကောင်း၊ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းမှလည်း ၁၀ ကြိမ်မြောက်အဖြစ် ပြည်သူ့ဂုဏ်ရည်ဆုကို လည်းကောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား အသိအမှတ်ပြု ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

My Blog List